တစ္ခါက လူတစ္ေယာက္ဟာ သူ႔ရဲ႕ ယာေတာမွာ ေရလိုလို႔ ေရတြင္းတစ္တြင္း တူးပါတယ္။ အေတာင္ (၂၀)ေလာက္လည္း ေရာက္ေရာ လူလည္း ေတာ္ေတာ္ႀကီးကိုေမာပန္းေနပါတယ္။ ဒါေပမယ့္ ေရေတြ႕မယ့္ အရိပ္အေယာင္ အနံ႔အသက္ေတာင္မွ မရေသးပါဘူး။

ဒါနဲ႔ အေမာေျဖေနတုန္း လူတစ္ေယာက္ေရာက္လာၿပီး ေျပာပါတယ္။

“ခင္ဗ်ားဗ်ာ ၊ ဒီလို ေနရာမွာ ေရတြင္းတူးလို႔ ဘယ္ေရေတြ႕မွာလဲ။ လာ ကြၽန္ေတာ္ျပတဲ့ေနရာမွာသာ တူးလိုက္ ၊ အေတာင္ (၂၀)မျပည့္ခင္ ေရမေတြ႕ရင္ က်ဳပ္ကို ေျပာခ်င္သလိုေျပာ” ဆိုၿပီး ေနရာသစ္တစ္ခုကို လိုက္ျပပါတယ္။

အဲဒါနဲ႔ အဲဒီလူျပတဲ့ေနရာမွာ သူ ဆက္ၿပီးတူးပါတယ္။ အေတာင္ (၂၀)ေက်ာ္ အစိတ္ေလာက္ ေရာက္လည္း ေရက မေတြ႕ပါဘူး။ သူလည္း ေမာကလည္းေမာ ၊ စိတ္ကလည္း ေတာ္ေတာ္ပ်က္ေနပါေတာ့တယ္။

အဲဒီတုန္း ေနာက္ထပ္ ဆရာတစ္ေယာက္ ေရာက္လာျပန္ပါတယ္။ သူကလည္း ေျပာတယ္ .. .

“ဟာ – ဒီလူေတြ ေရေၾကာအေၾကာင္း ဘာမွ မသိဘဲနဲ႔ ေလွ်ာက္ေျပာေနၾကတာ ၊ ဒုကၡပါဘဲ ၊ လာလာ ၊ ကြၽန္ေတာ္ေနာက္လိုက္ခဲ့ ၊ ကြၽန္ေတာ္ ျပတဲ့ေနရာမွာသာတူးလိုက္၊ အေတာင္ (၂၀) နဲ႔ အစိတ္ၾကားေလာက္မွာ ေရေတြ႕ကို ေတြ႕ရမယ္” ဆိုၿပီး ေနရာသစ္တစ္ခုကို လိုက္ျပ ျပန္ပါတယ္။

ဒါနဲ႔ သူလည္း “အင္း ဒီလူေျပာတာေတာ့ ဟုတ္ဟန္တူတယ္။ ေနရာသစ္ကို တူးမွ ” ဆိုၿပီး ေနရာသစ္မွာ ေနာက္ထပ္ေရတြင္းတစ္တြင္း တူးျပန္ပါတယ္။ ဟိုလူေျပာသလို အေတာင္ အစိတ္ေက်ာ္ၿပီး (၃၀) နားကပ္လာတာေတာင္ ေရက အရိပ္အေငြ႕ေတာင္ မျမင္ရပါဘူး။ လူကလည္း ဖတ္ဖတ္ေမာေနပါၿပီ။

ဒါနဲ႔ သူလည္း အေမာေျဖရင္း ထိုင္စဥ္းစားတယ္။

“အင္း – ပထမဆုံးတူးခဲ့တာ အေတာင္(၂၀) ၊ ဒုတိယတြင္းမွာ အေတာင္ အစိတ္ ၊ တတိယတြင္းမွာ အေတာင္(၃၀)နဲ႔ ေပါင္းလိုက္ရင္ ငါတူးခဲ့တာ အေတာင္(၇၀)ေတာင္ေက်ာ္ေနပါေကာလား” “ငါ့ဟာငါ ဆက္တူးေနရင္ ဒီနယ္မွာ အေတာင္ (၆၀)ေက်ာ္ေအာင္ တူးရတဲ့ ေရတြင္း ခပ္ရွားရွားရယ္။ သူမ်ားစကားနားေယာင္ၿပီး ဟိုတြင္းတူး ၊ ဒီတြင္းတူးနဲ႔ ေမာတာသာ အဖတ္တင္တယ္၊ ငါ့တြင္းဘဲ ငါဆက္တူးေတာ့မယ္” ဆိုၿပီး သူ ပထမဆုံးတူးခဲ့တဲ့ တြင္းဆီျပန္သြားၿပီး စိုက္လိုက္မတ္တပ္နဲ႔ တူးလိုက္တာ အေတာင္ (၄၀)ေက်ာ္ေလာက္မွာ ေရတြင္းက ေအာင္သြားၿပီး ေရေတြ႕သြားပါေတာ့တယ္။

————————–————————–———————–

ကြၽန္ေတာ္တို႔ဘဝမွာလည္း ဒီလိုဘဲ အစကေတာ့ အားႀကိဳးမာန္တက္နဲ႔ စခဲ့ၾကေပမယ့္ တစ္ဝက္တစ္ပ်က္ေရာက္ခါမွ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ ရပ္နားထားတဲ့ အလုပ္ေတြ ၊ စီမံကိန္းေတြ ၊ ဘဝရည္မွန္းခ်က္ေတြ ဘယ္ေလာက္ေတာင္မွ မ်ားခဲ့ၿပီလဲ။

ႀကီးမားတဲ့ ဘဝရည္မွန္းခ်က္ေတြသာမက အတတ္ပညာတစ္ခု သင္ယူတာ ၊ သင္တန္းတစ္ခု တက္တာ ၊ ကိုယ္အေလးခ်ိန္ခ်တာ . . . စတဲ့ ကိစၥေလးေတြအပါအဝင္ေပါ့။

ခင္ဗ်ားတို႔ေတာ့ မသိဘူး . . . ကြၽန္ေတာ့္မွာေတာ့ ဒီလိုကိစၥေတြ မေရမတြက္ႏိုင္ေအာင္ မ်ားခဲ့လွပါၿပီ။ ရလဒ္ကေတာ့ ဘာကိုမွ ေအာင္ျမင္ၿပီးစီးေအာင္ မလုပ္ႏိုင္ဘဲ သူလိုငါလို ဘဝမွာဘဲ ေယာင္ခ်ာခ်ာ ျဖစ္ေနရတာပါဘဲ။ ကိုယ့္ကိုယ္ကို ယုံၾကည္မႈလည္း က်ဆင္းလာပါတယ္။

အထက္က ေရတြင္းတူးတဲ့လူလို စ, ၿပီး တူးမိတဲ့ ေရတြင္းတစ္ခုကိုသာ ေရေတြ႕သည္အထိ ၿပီးစီးေအာင္ တူးမယ္ ၊ ၿပီးရင္ ေနာက္တစ္တြင္း ဆက္ၿပီး တူးမယ္ဆိုရင္ ကြၽန္ေတာ္တို႔မွာ ေရထြက္ေနတဲ့ ေရတြင္းေပါင္းမ်ားစြာ ပိုင္ဆိုင္ေနၿပီေပါ့။

အခုေတာ့ ေရမထြက္တဲ့တြင္းေတြ ဟိုမွာလည္း တစ္တြင္း ၊ ဒီမွာလည္း တစ္တြင္းနဲ႔ တြင္းေတြသာမ်ားေနၿပီး ဘာမွ ေသာက္လို႔မရ၊ သုံးလို႔မရနဲ႔ “အသုံးမက်တဲ့ ေရတြင္းပိုင္ရွင္ေတြ” ဘဲ ျဖစ္ေနရေတာ့တာေပါ့။

ကိုယ့္ဘဝကိုယ္ ျပန္ၿပီးသုံးသပ္ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔အျဖစ္ဟာ ေရမထြက္တဲ့ ေရတြင္းေတြရဲ႕ အလည္မွာ ငုတ္တုတ္ထိုင္ မႈိင္ေတြခ်ေနရတဲ့ အျဖစ္မ်ိဳးပါ။ ေရထြက္ေအာင္ တူးသြားႏိုင္သူေတြကေတာ့ သူတို႔တူးထားတဲ့ ေရတြင္းထဲကေရေတြကို ေပ်ာ္႐ႊင္စြာ ေသာက္သုံးေနၾကတဲ့ အခ်ိန္မွာ ကြၽန္ေတာ္တို႔ကေတာ့ သူတို႔ကို ေငးၾကည့္ေနရတယ္။

ကဲ – မိတ္ေဆြ ၊ ခင္ဗ်ားလည္း လူ ၊ သူတို႔လည္းလူ အတူတူပါဘဲဗ်ာ။ ဘာမွ ကြာျခားခ်က္ မရွိပါဘူး။ ကြၽန္ေတာ္တို႔ တကယ္ လိုအပ္ေနတာကေတာ့ ေရတြင္းကို ၿပီးစီးေအာင္ ဆက္မတူးၾကတာပါဘဲ။

ကဲ – ကေန႔ကစၿပီး ကြၽန္ေတာ္နဲ႔အတူတူ ခင္ဗ်ားတူးလက္စ ေရတြင္းေတြထဲက ခင္ဗ်ားအတူးခ်င္ဆုံး ေရတြင္းတစ္တြင္းကို ျပန္ေ႐ြးခ်ယ္လိုက္ၿပီး ျပန္တူးၾကရေအာင္လား။ ေရထြက္သည့္ တိုင္ေအာင္ေပါ့ ။

ကိုယ္တူးလိုက္တဲ့ ေရတြင္းက ေရထြက္လာတဲ့ ေအာင္ျမင္မႈ နဲ႔ ၊ ေက်နပ္ပီတိျဖစ္ရမႈတို႔ကို ကြၽန္ေတာ္တို႔ ခံစားရယူၾကမယ္ေလ။ “ငါ လုပ္ႏိုင္တယ္” “ငါ စြမ္းေဆာင္ႏိုင္တယ္” ဆိုတဲ့ ယုံၾကည္မႈေတြကို ကြၽန္ေတာ္တို႔ ဘဝမွာ ျပန္ၿပီး တည္ေဆာက္ယူၾကမယ္။

ကြၽန္ေတာ္တို႔ စိတ္ဓာတ္ခြန္အားေတြ ေမြးၿပီး ျပန္ႀကိဳးစားၾကရေအာင္လား။ ကြၽန္ေတာ္တို႔မွာ တူးလက္စ ေရတြင္း တစ္ခုမဟုတ္ တစ္ခု ကေတာ့ ကိုယ္စီ ရွိေနၾကတာဘဲ မဟုတ္လား။ ဒီေတာ့ အခုဘဲ စ, လိုက္ၾကပါစို႔။ အခ်ိန္မေႏွာင္းေသးပါဘူး။ ကြၽန္ေတာ္တို႔ ေရတြင္း ျပန္တူးၾကမယ္ေလ။

(ဇြဲနဲ႔သာ တစိုက္မတ္မတ္တူး . . ေနာက္ဆုံး ေရေတြ႕ရမွာ မလြဲဧကန္ပါပဲ…

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original Writer
# Unicode Version # ျဖင့္ ဖတ္ပါ #

တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့ ယာတောမှာ ရေလိုလို့ ရေတွင်းတစ်တွင်း တူးပါတယ်။ အတောင် (၂၀)လောက်လည်း ရောက်ရော လူလည်း တော်တော်ကြီးကိုမောပန်းနေပါတယ်။ ဒါပေမယ့် ရေတွေ့မယ့် အရိပ်အယောင် အနံ့အသက်တောင်မှ မရသေးပါဘူး။

ဒါနဲ့ အမောဖြေနေတုန်း လူတစ်ယောက်ရောက်လာပြီး ပြောပါတယ်။

“ခင်ဗျားဗျာ ၊ ဒီလို နေရာမှာ ရေတွင်းတူးလို့ ဘယ်ရေတွေ့မှာလဲ။ လာ ကျွန်တော်ပြတဲ့နေရာမှာသာ တူးလိုက် ၊ အတောင် (၂၀)မပြည့်ခင် ရေမတွေ့ရင် ကျုပ်ကို ပြောချင်သလိုပြော” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြပါတယ်။

အဲဒါနဲ့ အဲဒီလူပြတဲ့နေရာမှာ သူ ဆက်ပြီးတူးပါတယ်။ အတောင် (၂၀)ကျော် အစိတ်လောက် ရောက်လည်း ရေက မတွေ့ပါဘူး။ သူလည်း မောကလည်းမော ၊ စိတ်ကလည်း တော်တော်ပျက်နေပါတော့တယ်။

အဲဒီတုန်း နောက်ထပ် ဆရာတစ်ယောက် ရောက်လာပြန်ပါတယ်။ သူကလည်း ပြောတယ် .. .

“ဟာ – ဒီလူတွေ ရေကြောအကြောင်း ဘာမှ မသိဘဲနဲ့ လျှောက်ပြောနေကြတာ ၊ ဒုက္ခပါဘဲ ၊ လာလာ ၊ ကျွန်တော်နောက်လိုက်ခဲ့ ၊ ကျွန်တော် ပြတဲ့နေရာမှာသာတူးလိုက်၊ အတောင် (၂၀) နဲ့ အစိတ်ကြားလောက်မှာ ရေတွေ့ကို တွေ့ရမယ်” ဆိုပြီး နေရာသစ်တစ်ခုကို လိုက်ပြ ပြန်ပါတယ်။

ဒါနဲ့ သူလည်း “အင်း ဒီလူပြောတာတော့ ဟုတ်ဟန်တူတယ်။ နေရာသစ်ကို တူးမှ ” ဆိုပြီး နေရာသစ်မှာ နောက်ထပ်ရေတွင်းတစ်တွင်း တူးပြန်ပါတယ်။ ဟိုလူပြောသလို အတောင် အစိတ်ကျော်ပြီး (၃၀) နားကပ်လာတာတောင် ရေက အရိပ်အငွေ့တောင် မမြင်ရပါဘူး။ လူကလည်း ဖတ်ဖတ်မောနေပါပြီ။

ဒါနဲ့ သူလည်း အမောဖြေရင်း ထိုင်စဉ်းစားတယ်။

“အင်း – ပထမဆုံးတူးခဲ့တာ အတောင်(၂၀) ၊ ဒုတိယတွင်းမှာ အတောင် အစိတ် ၊ တတိယတွင်းမှာ အတောင်(၃၀)နဲ့ ပေါင်းလိုက်ရင် ငါတူးခဲ့တာ အတောင်(၇၀)တောင်ကျော်နေပါကောလား” “ငါ့ဟာငါ ဆက်တူးနေရင် ဒီနယ်မှာ အတောင် (၆၀)ကျော်အောင် တူးရတဲ့ ရေတွင်း ခပ်ရှားရှားရယ်။ သူများစကားနားယောင်ပြီး ဟိုတွင်းတူး ၊ ဒီတွင်းတူးနဲ့ မောတာသာ အဖတ်တင်တယ်၊ ငါ့တွင်းဘဲ ငါဆက်တူးတော့မယ်” ဆိုပြီး သူ ပထမဆုံးတူးခဲ့တဲ့ တွင်းဆီပြန်သွားပြီး စိုက်လိုက်မတ်တပ်နဲ့ တူးလိုက်တာ အတောင် (၄၀)ကျော်လောက်မှာ ရေတွင်းက အောင်သွားပြီး ရေတွေ့သွားပါတော့တယ်။

————————–————————–———————–

ကျွန်တော်တို့ဘဝမှာလည်း ဒီလိုဘဲ အစကတော့ အားကြိုးမာန်တက်နဲ့ စခဲ့ကြပေမယ့် တစ်ဝက်တစ်ပျက်ရောက်ခါမှ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားထားတဲ့ အလုပ်တွေ ၊ စီမံကိန်းတွေ ၊ ဘဝရည်မှန်းချက်တွေ ဘယ်လောက်တောင်မှ များခဲ့ပြီလဲ။

ကြီးမားတဲ့ ဘဝရည်မှန်းချက်တွေသာမက အတတ်ပညာတစ်ခု သင်ယူတာ ၊ သင်တန်းတစ်ခု တက်တာ ၊ ကိုယ်အလေးချိန်ချတာ . . . စတဲ့ ကိစ္စလေးတွေအပါအဝင်ပေါ့။

ခင်ဗျားတို့တော့ မသိဘူး . . . ကျွန်တော့်မှာတော့ ဒီလိုကိစ္စတွေ မရေမတွက်နိုင်အောင် များခဲ့လှပါပြီ။ ရလဒ်ကတော့ ဘာကိုမှ အောင်မြင်ပြီးစီးအောင် မလုပ်နိုင်ဘဲ သူလိုငါလို ဘဝမှာဘဲ ယောင်ချာချာ ဖြစ်နေရတာပါဘဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းလာပါတယ်။

အထက်က ရေတွင်းတူးတဲ့လူလို စ, ပြီး တူးမိတဲ့ ရေတွင်းတစ်ခုကိုသာ ရေတွေ့သည်အထိ ပြီးစီးအောင် တူးမယ် ၊ ပြီးရင် နောက်တစ်တွင်း ဆက်ပြီး တူးမယ်ဆိုရင် ကျွန်တော်တို့မှာ ရေထွက်နေတဲ့ ရေတွင်းပေါင်းများစွာ ပိုင်ဆိုင်နေပြီပေါ့။

အခုတော့ ရေမထွက်တဲ့တွင်းတွေ ဟိုမှာလည်း တစ်တွင်း ၊ ဒီမှာလည်း တစ်တွင်းနဲ့ တွင်းတွေသာများနေပြီး ဘာမှ သောက်လို့မရ၊ သုံးလို့မရနဲ့ “အသုံးမကျတဲ့ ရေတွင်းပိုင်ရှင်တွေ” ဘဲ ဖြစ်နေရတော့တာပေါ့။

ကိုယ့်ဘဝကိုယ် ပြန်ပြီးသုံးသပ်ကြည့်လိုက်ရင် ကျွန်တော်တို့အဖြစ်ဟာ ရေမထွက်တဲ့ ရေတွင်းတွေရဲ့ အလည်မှာ ငုတ်တုတ်ထိုင် မှိုင်တွေချနေရတဲ့ အဖြစ်မျိုးပါ။ ရေထွက်အောင် တူးသွားနိုင်သူတွေကတော့ သူတို့တူးထားတဲ့ ရေတွင်းထဲကရေတွေကို ပျော်ရွှင်စွာ သောက်သုံးနေကြတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ သူတို့ကို ငေးကြည့်နေရတယ်။

ကဲ – မိတ်ဆွေ ၊ ခင်ဗျားလည်း လူ ၊ သူတို့လည်းလူ အတူတူပါဘဲဗျာ။ ဘာမှ ကွာခြားချက် မရှိပါဘူး။ ကျွန်တော်တို့ တကယ် လိုအပ်နေတာကတော့ ရေတွင်းကို ပြီးစီးအောင် ဆက်မတူးကြတာပါဘဲ။

ကဲ – ကနေ့ကစပြီး ကျွန်တော်နဲ့အတူတူ ခင်ဗျားတူးလက်စ ရေတွင်းတွေထဲက ခင်ဗျားအတူးချင်ဆုံး ရေတွင်းတစ်တွင်းကို ပြန်ရွေးချယ်လိုက်ပြီး ပြန်တူးကြရအောင်လား။ ရေထွက်သည့် တိုင်အောင်ပေါ့ ။

ကိုယ်တူးလိုက်တဲ့ ရေတွင်းက ရေထွက်လာတဲ့ အောင်မြင်မှု နဲ့ ၊ ကျေနပ်ပီတိဖြစ်ရမှုတို့ကို ကျွန်တော်တို့ ခံစားရယူကြမယ်လေ။ “ငါ လုပ်နိုင်တယ်” “ငါ စွမ်းဆောင်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုတွေကို ကျွန်တော်တို့ ဘဝမှာ ပြန်ပြီး တည်ဆောက်ယူကြမယ်။

ကျွန်တော်တို့ စိတ်ဓာတ်ခွန်အားတွေ မွေးပြီး ပြန်ကြိုးစားကြရအောင်လား။ ကျွန်တော်တို့မှာ တူးလက်စ ရေတွင်း တစ်ခုမဟုတ် တစ်ခု ကတော့ ကိုယ်စီ ရှိနေကြတာဘဲ မဟုတ်လား။ ဒီတော့ အခုဘဲ စ, လိုက်ကြပါစို့။ အချိန်မနှောင်းသေးပါဘူး။ ကျွန်တော်တို့ ရေတွင်း ပြန်တူးကြမယ်လေ။

(ဇွဲနဲ့သာ တစိုက်မတ်မတ်တူး . . နောက်ဆုံး ရေတွေ့ရမှာ မလွဲဧကန်ပါပဲ…

ဖိုးသူတော် (www.phothutaw.com)
Credit:Original Writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top