မိရုိးဖလာဗုဒၶဘာသာဝင္ေတြ ယံုၾကည္ေနၾကတဲ့ လိပ္ျပာေကာင္ အယူအဆမွားမ်ား
ဘဝတစ္ခုအဆံုးသတ္သြားျပီ၊ေသဆံုးသြားျပီဆိုရင္ ဝိညာဥ္ေလးက အိမ္ေပၚကေန ၇-ရက္ မဆင္းဘူးလို႔ေျပာႀကတာ ရွိတယ္ေနာ္.. တိဘက္လူမ်ိဳးေတြ ယံုႀကည္တာကေတာ့ ၄၉-ရက္၊ ဂ်ပန္လူမ်ိဳးေတြလည္း Spirit ဆိုတာကို ယံုႀကည္တယ္၊ ဒါ လူမ်ိဳးတိုင္း လူမ်ိဳးတိုင္းဒီလိုသေဘာ ရွိႀကတယ္။
အတၱ အသက္ လိပ္ျပာဝိညာဥ္ေကာင္၊ ျမန္မာေတြက်ေတာ့ လိပ္ျပာလို႔ေခၚတယ္။ လူ႔အသက္ကေလးဟာ ဘဝတစ္ခု အစျပဳဖို႔ အတြက္ ေနရာတစ္ခုကို ရွာရတယ္၊ ရွာမေတြ႔ေသးလို႔ ေခတၱခဏ နားခိုတဲ့ ‘အႏၲရာဘဝ’ ဆိုတဲ့ ၾကားဘဝ ကေလးတစ္ခု ရွိေသးတယ္လို႔ ယူဆႀကတယ္။
သို႔ေသာ္လည္း … ဗုဒၶျမတ္စြာေဒသနာေတာ္အရ မေသခင္ ကတည္းက ႀကိဳတင္ျပင္ဆင္ျပီးသား ျဖစ္ေနျပီ၊ မွတ္ပံုတင္ လိုက္ျပီ၊ ေသခါနီးအခ်ိန္မွာ ကံတရားက ဘယ္ဘံုကို ပို႔မယ္ဆိုတာ မွတ္ပံုတင္ထားျပီးသားပဲ၊ အဲဒီေပါ ္မွာ လြဲေခ်ာ္မွု မရွိဘဲနဲ႔ ေရာက္သြားမွာ ေသခ်ာပါတယ္၊“ႀကားဘဝ” ဆိုတာ မရွိပါဘူး။ ဒီေတာ့ ေရာက္သြားတယ္ဆိုတာ ဘယ္သူ ေရာက္သြားတာတုန္းဆိုေတာ့ ဘယ္သူမွ ေရာက္သြားတာေတာ့မဟုတ္ဘူး၊အေႀကာင္းနဲ႔အက်ိဳးပဲေနာ္။
ဒီဘဝစိတ္အစဥ္တစ္ခု အဆံုးသတ္သြားတာနဲ႔ တစ္ျပိဳင္နက္ ကံတရားေႀကာင့္ ဘဝသစ္တစ္ခုမွာ ဝိညာဏ္လို႔ဆိုတဲ့ ဝိပါက္ စိတ္ကေလး ေပၚလာတာကိုေျပာတာ၊ အဲဒီဝိပါက္စိတ္ကေလးဟာ မေသခင္ကယူထားတဲ့ အာရံုနဲ႔ ကံဆိုတဲ့ ေျမလႊာ ေပၚမွာ ေပါက္ဖြားလာတာျဖစ္လို႔ “ကမၼံ ေခတံၱ” လို႔ ျမတ္စြာဘုရားကေဟာထားတယ္။ အဲဒီမွာတဏွာကေန အေထာက္ အကူ ျပဳတာျဖစ္ေသာေႀကာင့္ တဏွာ ေသၷေဟာ၊ ဘဝသစ္တစ္ခုမွာ ဝိညာဏ္ ဆိုတဲ့မ်ိဳးေစ့ေလးဟာ ကံဆိုတဲ့ ေျမလႊာ ေပၚမွာ တဏွာဆိုတဲ့ ေရေလာင္းထည့္လိုက္သည့္အခါ အျမစ္ကေလးဆင္း အေညွာင့္ေလးေပါက္လာျပီး ဘဝသစ္တစ္ခု အသစ္ရႀက ျပန္တာေပါ့၊
အဲဒီသေဘာကို ျမတ္စြာဘုရားက .. “သခၤါရပစၥယာ ဝိညာဏံ” ကံတရားက ဖန္တီးလို႔ ဘဝတစ္ခု ခ်က္ခ်င္းေရာက္ သြားတာ၊ ႀကားထဲမွာ ဘဝ မရွိဘူးလို႔ ဆိုပါတယ္။ လူ႔ဘဝက ေသသြားလို႔ ျပိတၱာျဖစ္ရင္လည္း ျပိတၱာဘဝ၊ အဲဒီျပိတၱာတို႔ တေစၧတို႔ သရဲတို႔ကိုပဲ လူေတြက မကၽြတ္ဘူးလို႔ေျပာေနႀကတာ၊ “သံသရာက မကၽြတ္ဘူး”လို႔ေျပာရင္ ကိုယ္လည္း မကၽြတ္ေသးဘူးပဲေနာ္၊ တေစၧ သရဲဆိုမွ မကၽြတ္တဲ့ သတၱဝါ မဟုတ္ဘူး၊ အားလံုး မကၽြတ္တဲ့ ပုဂၢိဳလ္ေတြခ်ည္းပဲ။ သို႔ေသာ္ အစြဲအလမ္းတစ္ခုေႀကာင့္ ကိုယ္မျမင္ရတဲ့ ဘံုဘဝ ေရာက္ေနတာက်ေတာ့ ဝိညာဥ္ေလာကလို႔လူေတြက ေခၚႀကတယ္။ မျမင္ရလို႔ ေခၚတာေပါ့၊
လူေတြ မ်က္စိနဲ႔ မျမင္ရတာေတြ အမ်ားၾကီးပဲ ရွိတယ္။ တကယ္ေတာ့ ကံတရားကေန စီမံဖန္တီးေပးလိုက္လို႔ ။ ၃၁ ဘံုထဲ က ဘံုတစ္ခုကို ေရာက္ရွိသြားတာပဲ၊ လူေတြနဲ႔ အနီးဆံုးဘံုကေတာ့ ျပိတၱာဘံုေပါ့၊ ျပိတၱာဘဝေရာက္ေနျပီ ဆိုရင္ေတာ့ ေနစရာမရွိ စားစရာမရွိ ျဖစ္တတ္တယ္။ ျပိတၱာဘံုေရာက္တယ္ဆိုရင္ နည္းနည္း ေတာ္ေသးတယ္လို႔ ေခၚရမယ္၊ သူ႕ထက္ ဆိုးတာ နွစ္ဘံုက်န္ေသးတယ္။ ငရဲနဲ႔ တိရစာၦန္ေနာ္္၊ ျပိတၱာဘံုေရာက္တဲ႕ ပုဂၢိဳလ္က အမ်ွေဝလို႔ သာဓုေခၚလိုက္ရင္ ေကာင္းေကာင္းမြန္မြန္ေနလို႔ ရေသးတယ္ေပါ့၊ တိရစာၦန္တို႔ငရဲတို႔ ဆိုတာေတာ့ ကံမကုန္မခ်င္းသြားေရာ၊ ဒီတိုင္းပဲ ဒုကၡ ခံရမယ္။
ဒါေႀကာင့္မို႔လို ့ .. “သခၤါရပစၥယာ ဝိညာဏံ” ကံတရားေတြ ဖန္တီးလို႔ ပဋိသေႏၶစိတ္နဲ႔ အက်ိဳးဝိပါက္စိတ္ေတြဟာ ျဖစ္ေပၚ လာရတယ္ဆိုတဲ့ ျမတ္စြာဘုရားရဲ့ ေဒသနာေတာ္ကို မွတ္သားနားလည္ျပီး တို႔တစ္ေတြ မေကာင္းတဲ့ အေႀကာင္းတရားကို လုပ္မိလို႔ရွိရင္ မေကာင္းတဲ့ အက်ိဳးတရားေတြ ရမွာျဖစ္တယ္။
မေကာင္းတဲ့ အေႀကာင္းတရားေတြကို ေရွာင္ရွားလို႔ ေကာင္းတဲ့ အေႀကာင္းတရားေတြကို ရေအာင္ ႀကိဳးစားမွ ေတာ္မယ္ လို႔ ကိုယ္စီ ကိုယ္စီသိျမင္တဲ့ဉာဏ္နဲ႔ ႀကိဳးစားအားထုတ္ နိုင္ႀကပါေစကုန္သတည္း…။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:ပါေမာကၡခ်ဳပ္ဆရာေတာ္ ေဒါက္တာအရွင္နႏၵမာလာဘိဝံသ
# Unicode Version # ျဖင့္ ဖတ္ပါ #
ဘဝတစ်ခုအဆုံးသတ်သွားပြီ၊သေဆုံးသွားပြီဆိုရင် ဝိညာဉ်လေးက အိမ်ပေါ်ကနေ ၇-ရက် မဆင်းဘူးလို့ပြောကြတာ ရှိတယ်နော်.. တိဘက်လူမျိုးတွေ ယုံကြည်တာကတော့ ၄၉-ရက်၊ ဂျပန်လူမျိုးတွေလည်း Spirit ဆိုတာကို ယုံကြည်တယ်၊ ဒါ လူမျိုးတိုင်း လူမျိုးတိုင်းဒီလိုသဘော ရှိကြတယ်။
အတ္တ အသက် လိပ်ပြာဝိညာဉ်ကောင်၊ မြန်မာတွေကျတော့ လိပ်ပြာလို့ခေါ်တယ်။ လူ့အသက်ကလေးဟာ ဘဝတစ်ခု အစပြုဖို့ အတွက် နေရာတစ်ခုကို ရှာရတယ်၊ ရှာမတွေ့သေးလို့ ခေတ္တခဏ နားခိုတဲ့ ‘အန္တရာဘဝ’ ဆိုတဲ့ ကြားဘဝ ကလေးတစ်ခု ရှိသေးတယ်လို့ ယူဆကြတယ်။
သို့သော်လည်း … ဗုဒ္ဓမြတ်စွာဒေသနာတော်အရ မသေခင် ကတည်းက ကြိုတင်ပြင်ဆင်ပြီးသား ဖြစ်နေပြီ၊ မှတ်ပုံတင် လိုက်ပြီ၊ သေခါနီးအချိန်မှာ ကံတရားက ဘယ်ဘုံကို ပို့မယ်ဆိုတာ မှတ်ပုံတင်ထားပြီးသားပဲ၊ အဲဒီပေါ ်မှာ လွဲချော်မှု မရှိဘဲနဲ့ ရောက်သွားမှာ သေချာပါတယ်၊“ကြားဘဝ” ဆိုတာ မရှိပါဘူး။ ဒီတော့ ရောက်သွားတယ်ဆိုတာ ဘယ်သူ ရောက်သွားတာတုန်းဆိုတော့ ဘယ်သူမှ ရောက်သွားတာတော့မဟုတ်ဘူး၊အကြောင်းနဲ့အကျိုးပဲနော်။
ဒီဘဝစိတ်အစဉ်တစ်ခု အဆုံးသတ်သွားတာနဲ့ တစ်ပြိုင်နက် ကံတရားကြောင့် ဘဝသစ်တစ်ခုမှာ ဝိညာဏ်လို့ဆိုတဲ့ ဝိပါက် စိတ်ကလေး ပေါ်လာတာကိုပြောတာ၊ အဲဒီဝိပါက်စိတ်ကလေးဟာ မသေခင်ကယူထားတဲ့ အာရုံနဲ့ ကံဆိုတဲ့ မြေလွှာ ပေါ်မှာ ပေါက်ဖွားလာတာဖြစ်လို့ “ကမ္မံ ခေတ္တံ” လို့ မြတ်စွာဘုရားကဟောထားတယ်။ အဲဒီမှာတဏှာကနေ အထောက် အကူ ပြုတာဖြစ်သောကြောင့် တဏှာ သ္နေဟော၊ ဘဝသစ်တစ်ခုမှာ ဝိညာဏ် ဆိုတဲ့မျိုးစေ့လေးဟာ ကံဆိုတဲ့ မြေလွှာ ပေါ်မှာ တဏှာဆိုတဲ့ ရေလောင်းထည့်လိုက်သည့်အခါ အမြစ်ကလေးဆင်း အညှောင့်လေးပေါက်လာပြီး ဘဝသစ်တစ်ခု အသစ်ရကြ ပြန်တာပေါ့၊
အဲဒီသဘောကို မြတ်စွာဘုရားက .. “သင်္ခါရပစ္စယာ ဝိညာဏံ” ကံတရားက ဖန်တီးလို့ ဘဝတစ်ခု ချက်ချင်းရောက် သွားတာ၊ ကြားထဲမှာ ဘဝ မရှိဘူးလို့ ဆိုပါတယ်။ လူ့ဘဝက သေသွားလို့ ပြိတ္တာဖြစ်ရင်လည်း ပြိတ္တာဘဝ၊ အဲဒီပြိတ္တာတို့ တစ္ဆေတို့ သရဲတို့ကိုပဲ လူတွေက မကျွတ်ဘူးလို့ပြောနေကြတာ၊ “သံသရာက မကျွတ်ဘူး”လို့ပြောရင် ကိုယ်လည်း မကျွတ်သေးဘူးပဲနော်၊ တစ္ဆေ သရဲဆိုမှ မကျွတ်တဲ့ သတ္တဝါ မဟုတ်ဘူး၊ အားလုံး မကျွတ်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ။ သို့သော် အစွဲအလမ်းတစ်ခုကြောင့် ကိုယ်မမြင်ရတဲ့ ဘုံဘဝ ရောက်နေတာကျတော့ ဝိညာဉ်လောကလို့လူတွေက ခေါ်ကြတယ်။ မမြင်ရလို့ ခေါ်တာပေါ့၊
လူတွေ မျက်စိနဲ့ မမြင်ရတာတွေ အများကြီးပဲ ရှိတယ်။ တကယ်တော့ ကံတရားကနေ စီမံဖန်တီးပေးလိုက်လို့ ။ ၃၁ ဘုံထဲ က ဘုံတစ်ခုကို ရောက်ရှိသွားတာပဲ၊ လူတွေနဲ့ အနီးဆုံးဘုံကတော့ ပြိတ္တာဘုံပေါ့၊ ပြိတ္တာဘဝရောက်နေပြီ ဆိုရင်တော့ နေစရာမရှိ စားစရာမရှိ ဖြစ်တတ်တယ်။ ပြိတ္တာဘုံရောက်တယ်ဆိုရင် နည်းနည်း တော်သေးတယ်လို့ ခေါ်ရမယ်၊ သူ့ထက် ဆိုးတာ နှစ်ဘုံကျန်သေးတယ်။ ငရဲနဲ့ တိရစ္ဆာန်နော်၊ ပြိတ္တာဘုံရောက်တဲ့ ပုဂ္ဂိုလ်က အမျှဝေလို့ သာဓုခေါ်လိုက်ရင် ကောင်းကောင်းမွန်မွန်နေလို့ ရသေးတယ်ပေါ့၊ တိရစ္ဆာန်တို့ငရဲတို့ ဆိုတာတော့ ကံမကုန်မချင်းသွားရော၊ ဒီတိုင်းပဲ ဒုက္ခ ခံရမယ်။
ဒါကြောင့်မို့လို့ .. “သင်္ခါရပစ္စယာ ဝိညာဏံ” ကံတရားတွေ ဖန်တီးလို့ ပဋိသန္ဓေစိတ်နဲ့ အကျိုးဝိပါက်စိတ်တွေဟာ ဖြစ်ပေါ် လာရတယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ ဒေသနာတော်ကို မှတ်သားနားလည်ပြီး တို့တစ်တွေ မကောင်းတဲ့ အကြောင်းတရားကို လုပ်မိလို့ရှိရင် မကောင်းတဲ့ အကျိုးတရားတွေ ရမှာဖြစ်တယ်။
မကောင်းတဲ့ အကြောင်းတရားတွေကို ရှောင်ရှားလို့ ကောင်းတဲ့ အကြောင်းတရားတွေကို ရအောင် ကြိုးစားမှ တော်မယ် လို့ ကိုယ်စီ ကိုယ်စီသိမြင်တဲ့ဉာဏ်နဲ့ ကြိုးစားအားထုတ် နိုင်ကြပါစေကုန်သတည်း…။
ဖိုးသူတော် (www.phothutaw.com)
Credit:ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ