မႏၲေလးခရိုင္ မဟာေအာင္ေျမ ၿမိဳ႕နယ္ အတြင္းရွိ ၇၃ လမ္းမွ ၇၈ လမ္းထိ တိုက္ရိုက္ ေဖာက္လုပ္ေနသည့္ ၃၈ လမ္းသစ္ ကို ဇြန္လ အတြင္း ဖြင့္လွစ္နိုင္ရန္ လုပ္ေဆာင္လ်က္ ရွိေၾကာင္း မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက သိရ သည္။

မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္က “အဲဒီလမ္းကို အျမန္ဆုံး ဖြင့္လွစ္ေပးနိုင္ဖို႔ က် ေနာ္တို႔ အားလုံး ဝိုင္းဝန္း လုပ္ေဆာင္ေနၾကပါတယ္။ ေလွ်ာက္လမ္းေတြကို ေဆးသုတ္တာ၊ မိုးတြင္းမွာ လမ္းေပၚက မိုးေရ ေတြ လြယ္ကူစြာ စီးဆင္းေစဖို႔ လုပ္ေဆာင္ေနတာ။ ပန္းပင္ေတြ စိုက္ဖို႔ Flower box ေတြ လုပ္ေနတာေတြ အျပင္ မၾကာ ခင္ ေျမာင္းဖုံးေတြလည္း တပ္ဆင္မွာ ဆိုေတာ့ ၿမိဳ႕ေတာ္ဝန္ ေျပာတဲ့ ရက္အမီ လမ္းဖြင့္လွစ္နိုင္ပါလိမ့္မယ္” ဟု ေျပာသည္။

အဆိုပါ လမ္းကို ေဖာက္လုပ္ရျခင္းမွာ ၇၈ လမ္းႏွင့္ ၇၃ လမ္းမွာ ယာဥ္ေၾကာက်ပ္မႈမ်ား ျဖစ္လာသည့္ အတြက္ ယာဥ္ေၾကာ ပိတ္ဆို႔မႈမ်ား ေလ်ာ့နည္းက်ဆင္းေစရန္ ရည္႐ြယ္၍ ၃၈ လမ္းေဖာက္လုပ္ျခင္းျဖစ္ေၾကာင္းႏွင့္ လမ္း အလ်ားေပ ၂၈၀၀၊ အနံေပ ၈၀ ရွိေၾကာင္း သိရသည္။

၃၈ လမ္းကို တပ္မေတာ္ ပိုင္ေျမ ဧရိယာအား ျဖတ္သန္း၍ ၇၃ လမ္းမွ ၇၈ လမ္းထိ တိုက္ရိုက္ ေဖာက္လုပ္ေနျခင္း ျဖစ္ကာ ယခုအခါ ရာႏႈန္းျပည့္ ၿပီးစီးၿပီ ျဖစ္ေၾကာင္း မႏၲေလးတိုင္း ေဒသႀကီး အစိုးရ အဖြဲ႕ စည္ပင္သာယာေရး ဝန္ႀကီး၊ မႏၲေလး ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္၏ Facebook စာမ်က္ႏွာ၌ ေရးသား ေျပာဆိုထားသည္။

ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ ရဲလြင္က “၃၈လမ္း နိုင္လြန္ ခင္းၿပီးသြားပါၿပီ။ မဟာဗ်ဴဟာလမ္း အသစ္ ျဖစ္တာမို႔ နိုင္ငံတကာ အဆင့္မီေအာင္ ႀကိဳးစားေနလို႔ လမ္းဖြင့္ဖို႔ အခ်ိန္ ခဏ ေစာင့္ေစခ်င္ပါတယ္။ မႏၲေလးၿမိဳ႕ရဲ႕ စံျပလမ္းတခု ျဖစ္လာမွာပါ။ ဇြန္လ ၁၉ ရက္မွာ ဖြင့္နိုင္ဖို႔ အားသြန္ခြန္စိုက္ ႀကိဳးစားေနပါတယ္”ဟု ေျပာၾကားထားသည္။

၃၈ လမ္း ေဖာက္လုပ္ျခင္းကို တိုင္းအစိုးရ ဘတ္ဂ်တ္ျဖင့္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ၿပီး လမ္းေလွ်ာက္ ပလက္ေဖာင္းမ်ား အား garden stone design ႏွင့္ ေဆးအညိုေရာင္ သုတ္ျခင္း၊ ေရေျမာင္းမ်ား ျပဳလုပ္ျခင္း၊ လမ္းမီး တပ္ဆင္ျခင္း၊ မီးပြိုင့္ အသစ္ တပ္ဆင္ျခင္း၊ သစ္ပင္ ပန္းပင္ စိုက္ပ်ိဳးျခင္းမ်ားကို ျပဳလုပ္လ်က္ ရွိေၾကာင္း သိရသည္။

အဆိုပါ လမ္းေဖာက္လုပ္ရန္ အတြက္ ၂၀၁၃ ခုႏွစ္က မႏၲေလးတိုင္း အစိုးရ အဖြဲ႕ အေနျဖင့္ တပ္မေတာ္ႏွင့္ ေဆြးေႏြး ညွိ ႏွိုင္းမႈမ်ား ျပဳလုပ္ခဲ့ရာ တပ္ေျမ ပိုင္ဆိုင္မႈႏွင့္ လူေနရပ္ကြက္၏ ပိုင္ဆိုင္မႈ အျငင္းပြားမႈမ်ား ရွိေနခဲ့ျခင္းေၾကာင့္ ၂၀၁၄ ခုႏွစ္ တြင္ ေဆြးေႏြးမႈ ရပ္ဆိုင္းခဲ့သည္။

ထို႔ေနာက္ လက္ရွိ အစိုးရ လက္ထက္၌ ထပ္မံ ညွိႏွိုင္းၾကရာ ၂၀၁၇ ခုႏွစ္ ဇန္နဝါရီလက တပ္မေတာ္မွ ေဖာက္လုပ္ခြင့္ျပဳ ေပးျခင္းေၾကာင့္ ၂၀၁၈-၁၉ ဘ႑ာႏွစ္ မိနီ ဘတ္ဂ်တ္ကာလတြင္ စတင္ လုပ္ေဆာင္ခဲ့ျခင္း ဟု သိရသည္။

မႏၲေလးၿမိဳ႕ခံ ကိုနိုင္လင္းဦးက “မႏၲေလးၿမိဳ႕က အခုကာလမွာ အရင္လို မဟုတ္ေတာ့ဘူး။ လမ္းေတြ ပိတ္လာေတာ့ ခရီး ဖင့္လာတယ္။ အခ်ိန္ပို ေပးေနရတယ္။ အေရွ႕အေနာက္ တိုးလွ်ိုေပါက္တဲ့ လမ္းေတြထဲမွာ ၃၈ လမ္း ထပ္တိုးတာ ေကာင္း ပါတယ္။ က်န္တဲ့ လုပ္လို႔ရမယ့္ ေနရာေတြကိုလည္း ဆက္လုပ္ေပးပါလို႔ ေျပာခ်င္ပါတယ္” ဟု ေျပာသည္။

ယခုအခါ ၇၃ လမ္းႏွင့္ ၇၈ လမ္းကို ျဖတ္သန္းရာတြင္ အျခားလမ္းမ်ားက ျဖတ္သန္းေနၾကရၿပီး လမ္းေၾကာင္း နည္းပါးသည့္ အျပင္ ၇၃ လမ္းမွ ၇၈ လမ္းရွိ ၃၈ လမ္းသို႔ သြားလိုလွ်င္ ၃၇ လမ္းမွ ပတ္၍ သြားေနရေၾကာင္း ၿမိဳ႕ခံမ်ားက ေျပာဆိုသည္။

မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ အေနျဖင့္ ယခု ေဖာက္လုပ္ေနသည့္ ၃၈ လမ္း အျပင္ ၄၁ လမ္းကိုလည္း ၇၈ လမ္းႏွင့္ လမ္း ၈၀ ၾကား တိုက္ရိုက္ ေဖာက္လုပ္နိုင္ရန္ စီစဥ္ ေဆာင္႐ြက္ေနလ်က္ ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:The Irrawaddy

#Unicode Version#
မန္တလေးခရိုင် မဟာအောင်မြေ မြို့နယ် အတွင်းရှိ ၇၃ လမ်းမှ ၇၈ လမ်းထိ တိုက်ရိုက် ဖောက်လုပ်နေသည့် ၃၈ လမ်းသစ် ကို ဇွန်လ အတွင်း ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်လျက် ရှိကြောင်း မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက သိရ သည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “အဲဒီလမ်းကို အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ဖို့ ကျ နော်တို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်နေကြပါတယ်။ လျှောက်လမ်းတွေကို ဆေးသုတ်တာ၊ မိုးတွင်းမှာ လမ်းပေါ်က မိုးရေ တွေ လွယ်ကူစွာ စီးဆင်းစေဖို့ လုပ်ဆောင်နေတာ။ ပန်းပင်တွေ စိုက်ဖို့ Flower box တွေ လုပ်နေတာတွေ အပြင် မကြာ ခင် မြောင်းဖုံးတွေလည်း တပ်ဆင်မှာ ဆိုတော့ မြို့တော်ဝန် ပြောတဲ့ ရက်အမီ လမ်းဖွင့်လှစ်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အဆိုပါ လမ်းကို ဖောက်လုပ်ရခြင်းမှာ ၇၈ လမ်းနှင့် ၇၃ လမ်းမှာ ယာဉ်ကြောကျပ်မှုများ ဖြစ်လာသည့် အတွက် ယာဉ်ကြော ပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန် ရည်ရွယ်၍ ၃၈ လမ်းဖောက်လုပ်ခြင်းဖြစ်ကြောင်းနှင့် လမ်း အလျားပေ ၂၈၀၀၊ အနံပေ ၈၀ ရှိကြောင်း သိရသည်။

၃၈ လမ်းကို တပ်မတော် ပိုင်မြေ ဧရိယာအား ဖြတ်သန်း၍ ၇၃ လမ်းမှ ၇၈ လမ်းထိ တိုက်ရိုက် ဖောက်လုပ်နေခြင်း ဖြစ်ကာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ စည်ပင်သာယာရေး ဝန်ကြီး၊ မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်၏ Facebook စာမျက်နှာ၌ ရေးသား ပြောဆိုထားသည်။

မြို့တော်ဝန် ဒေါက်တာ ရဲလွင်က “၃၈လမ်း နိုင်လွန် ခင်းပြီးသွားပါပြီ။ မဟာဗျူဟာလမ်း အသစ် ဖြစ်တာမို့ နိုင်ငံတကာ အဆင့်မီအောင် ကြိုးစားနေလို့ လမ်းဖွင့်ဖို့ အချိန် ခဏ စောင့်စေချင်ပါတယ်။ မန္တလေးမြို့ရဲ့ စံပြလမ်းတခု ဖြစ်လာမှာပါ။ ဇွန်လ ၁၉ ရက်မှာ ဖွင့်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေပါတယ်”ဟု ပြောကြားထားသည်။

၃၈ လမ်း ဖောက်လုပ်ခြင်းကို တိုင်းအစိုးရ ဘတ်ဂျတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လမ်းလျှောက် ပလက်ဖောင်းများ အား garden stone design နှင့် ဆေးအညိုရောင် သုတ်ခြင်း၊ ရေမြောင်းများ ပြုလုပ်ခြင်း၊ လမ်းမီး တပ်ဆင်ခြင်း၊ မီးပွိုင့် အသစ် တပ်ဆင်ခြင်း၊ သစ်ပင် ပန်းပင် စိုက်ပျိုးခြင်းများကို ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ လမ်းဖောက်လုပ်ရန် အတွက် ၂၀၁၃ ခုနှစ်က မန္တလေးတိုင်း အစိုးရ အဖွဲ့ အနေဖြင့် တပ်မတော်နှင့် ဆွေးနွေး ညှိ နှိုင်းမှုများ ပြုလုပ်ခဲ့ရာ တပ်မြေ ပိုင်ဆိုင်မှုနှင့် လူနေရပ်ကွက်၏ ပိုင်ဆိုင်မှု အငြင်းပွားမှုများ ရှိနေခဲ့ခြင်းကြောင့် ၂၀၁၄ ခုနှစ် တွင် ဆွေးနွေးမှု ရပ်ဆိုင်းခဲ့သည်။

ထို့နောက် လက်ရှိ အစိုးရ လက်ထက်၌ ထပ်မံ ညှိနှိုင်းကြရာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက တပ်မတော်မှ ဖောက်လုပ်ခွင့်ပြု ပေးခြင်းကြောင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ် မိနီ ဘတ်ဂျတ်ကာလတွင် စတင် လုပ်ဆောင်ခဲ့ခြင်း ဟု သိရသည်။

မန္တလေးမြို့ခံ ကိုနိုင်လင်းဦးက “မန္တလေးမြို့က အခုကာလမှာ အရင်လို မဟုတ်တော့ဘူး။ လမ်းတွေ ပိတ်လာတော့ ခရီး ဖင့်လာတယ်။ အချိန်ပို ပေးနေရတယ်။ အရှေ့အနောက် တိုးလျှိုပေါက်တဲ့ လမ်းတွေထဲမှာ ၃၈ လမ်း ထပ်တိုးတာ ကောင်း ပါတယ်။ ကျန်တဲ့ လုပ်လို့ရမယ့် နေရာတွေကိုလည်း ဆက်လုပ်ပေးပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။

ယခုအခါ ၇၃ လမ်းနှင့် ၇၈ လမ်းကို ဖြတ်သန်းရာတွင် အခြားလမ်းများက ဖြတ်သန်းနေကြရပြီး လမ်းကြောင်း နည်းပါးသည့် အပြင် ၇၃ လမ်းမှ ၇၈ လမ်းရှိ ၃၈ လမ်းသို့ သွားလိုလျှင် ၃၇ လမ်းမှ ပတ်၍ သွားနေရကြောင်း မြို့ခံများက ပြောဆိုသည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ယခု ဖောက်လုပ်နေသည့် ၃၈ လမ်း အပြင် ၄၁ လမ်းကိုလည်း ၇၈ လမ်းနှင့် လမ်း ၈၀ ကြား တိုက်ရိုက် ဖောက်လုပ်နိုင်ရန် စီစဉ် ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top