




Credit:dvb
# Unicode Version # ဖြင့် ဖတ်ပါ #


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင် သက်ကယ်ကုန်းကျေးရွာအနီး မနေ့ ညနေ ၃ နာရီ ၄၅ မိနစ်လောက်က ဂျိတ်ပါဝါ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ လုပ်ကွက်မှာ ရဲလုံခြုံရေးက သေနတ်နဲ့ ပစ်ခတ်လို့ ရေမဆေးကျောက်ရှာသမား တဦး ဒဏ်ရာရသွားပါတယ်။

ပစ်ခတ်ခံရသူဟာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်   ကျောက်ဆုံကျေးရွာ နေထိုင်ခဲ့ကာ အခုနေရပ်မှာ သာယာကုန်းကျေးရွာ မောင်ထွန်းငြိမ်း(၂၂) နှစ်  ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ရေမဆေးသမားရဲ့ လက်မောင်းမှာ ကျည်ဆန် ဖောက်ဝင်သွားခဲ့တယ်လို့ ဖား ကန့်မြို့နယ် အန်အယ်လ်ဒီ ပါတီဝင် ဦးမင်းမင်းစိုး ထံကသိရပါတယ်

အခုလို ပစ်ခတ်မှုဖြစ်ရတာဟာ ကုမ္ပဏီလုပ်ကွက်အတွင်းကို သတ်မှတ်ချိန်ထက် စောဝင်ဖို့ ကြိုးစားရာက ခြောက်လှန့်ပစ်ခတ်ရင်း ဖြစ်သွားရတာလို့ ဖားကန့်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်ကပြောပါတယ်။

“အချိန်စော ဝင်ရောက်ဖို့ ကြိုးစားကြတော့ ရဲနဲ့ရေမဆေးနဲ့ ရုန်းရင်းဆန်ခတ် နည်းနည်းဖြစ် တာပေါ့။ လက်မောင်းဆုံကို ဒဏ်ရာရတာတော့ရှိတယ်။ ဖားကန့်ဆေးရုံမှာတော့ ဆေးကုသမှု ခံယူနေပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး”

အခုလို ပစ်ခတ်မှုကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တချို့ကို ရေမဆေးသမားတွေက ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြပြီး နောက်ထပ် ပြဿနာတွေ ထပ်ဖြစ်ပွားတာ မရှိဘူးလို့ မှော်စီစာ ရွာသားတဦးကပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top