ပရဟိတမင်းသားကြီး ကျော်သူကိုတော့ သိကြမှာပါ အများလေးစားချစ်ခင်ရတဲ့ မင်းသားကြီးကျော်သူကတော့ ပရဟိတလုပ်တဲ့သူတွေနဲ့ပတ်သက်ပြီး သူ့အမြင်ကိုပြောကြားလာခဲ့ပါတယ်။ ပရဟိတလုပ်တဲ့လူတွေအနေနဲ့ ပရဟိတသစ္စာဆိုရဲမှ လုပ်ကြပါလို့ပြောကြားသွားပြီး ပရဟိတကို နာမည်တက်အောင်လုပ်ဖို့အတွက်နဲ့မလုပ်စေချင်ဘူးလို့ ပြောကြားသွား ခဲ့ပါတယ်။ ပရဟိတမင်းသားကြီး ဦးကျော်သူကိုတော့ MC နဲ့အင်တာဗျူးတွင် “တချို့က ပရဟိတလုပ်တာက သူများကိုတကယ် ကူညီချင်တယ်။ ပရဟိတစိတ်ဓာတ်ရှိတယ် သူများဒုက္ခရောက်တာတွေကို မမြင်ချင်ဘူး။

တချို့ကျတော့လည်း ကိုယ့်ရဲ့နာမည်တက်အောင် ပရိသတ်တွေချစ်အောင် ကိုယ့်ကိုကိုယ် ဟန်ဆောင်ပြီး လိမ်ညာပြီးလုပ်နေတာတွေ ရှိတယ်။ အဲ့ဒါမျိုးတွေ မဖြစ်အောင် ကြိုးစားကြဖို့ အရေးကြီးတယ်။ ပရဟိတသစ္စာဆိုရဲအောင် ကြိုးစားကြပါ။ ပရဟိတသစ္စာဆိုရဲဖို့ဆိုတာ ကိုယ့်အနေနဲ့ သီလလုံဖို့လိုတယ်။ လောဘ ဒေါသ မောဟ မာန်မာန တွေ ဖြုတ်ပစ်နိုင်ဖို့လိုတယ်။ ကျွန်တော်တို့ကတော့ အနုပညာအလုပ်လည်းလုပ်တယ် ပရဟိတလည်း လုပ်တယ်ဆိုတော့ တခါတလေမှာ အနုပညာအလုပ်လုပ်ရင် ကျွန်တော်လည်း ဒေါသထွက်တာတွေ ရှိတယ်။ အနုပညာကို သစ္စာရှိစွာလုပ်ဖို့အတွက် ကျွန်တော်ဒေါသပါသွားတာ။ ပရဟိတ လုပ်တဲ့အချိန်မှာတော့ ဒါတွေကိုအတတ်နိုင်ဆုံးလျော့နိုင်အောင် ကြိုးစားရမယ်။ အတ္တတွေ မာန်မာနတွေ စဉ်းလုံးချောကြီးမရှိဘူးဆိုရင်တော့ ရဟန္တာအဆင့်ကို ရောက်သွားမှာပေါ့။ အဲ့အဆင့်ထိရောက်အောင်လည်း ကျွန်တော်တို့က ပြောတာမဟုတ်ပါဘူး။ အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကို ချိုးနှိမ်ဖို့ လိုတယ်”

“ပရဟိတဆိုတာကလည်း လူတွေပဲ လုပ်တာ။ လူတွေကိုကူညီတဲ့အလုပ် ဒါကြောင့်ပရဟိတလုပ်မယ့်ထဲ ဝင်လိုက်ပြီဆိုရင်တော့ ကိုယ့်ကိုကိုယ် သင်္ကန်းစီးလိုက်တဲ့ လူတယောက်လိုပဲ ဖြစ်အောင် ကိုယ်ကိုကိုယ် အရာရာဆင်ခြင်ရမယ်။ ဒီလိုမှ ဒီပရဟိတသမားက အများလေးစားမှုကို ခံရမယ်။ အခုကျတော့ ကျွန်တော်တို့က အများလေးစားအောင် အများချစ်အောင် လုပ်ကြတာ မဟုတ်ဘူး။ အများဒုက္ခရောက်နေတဲ့ ကိစ္စကို ကျွန်တော်တို့က ကူညီပေးတာ”

“ကျွန်တော့်ပရဟိတအဖွဲ့ဆိုရင် လူပေါင်းစုံပါတယ်။ အနုပညာရှင်တွေရော လက်လုပ်လက်စားတွေရော ပညာတက်တွေရော ပါပါတယ်။ ဒါပေမယ့်လည်း ဒီလိုလူအားလုံးကကောင်းတယ်လို့တော့ပြောလို့မရပါဘူး။ တချို့ကျတော့လည်း ပညာတတ်တယ်။ စိတ်ထားနိမ့်ကျတဲ့သူတွေလည်း ရှိတယ်။ ပညာမဲ့ပြီးတော့ စိတ်ထားမြင့်မြတ်တဲ့သူတွေလည်း ရှိတယ်။ ကျွန်တော်တို့ကိုယ်တွေ့ ဒီလိုလူအားလုံးထဲမှာမှ ကိုယ့်ကိုကိုယ်အများလေးစားအောင် ထိန်းထားနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ” ဟု ပြောကြားသွားခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Nanmalgyi

#Unicode Version#

နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
Top