iMyanmarHouse.com - Best Property Website for Myanmar
×

ျမန္မာေတြေတာ္ေတာ္မ်ားမ်ားမွတ္ယူထားၾကတာက ကုန္းေဘာင္နန္းတည္ အေလာင္းမင္းတရား ဦးေအာင္ေဇယ်ဟာ အယုဒၶယ(ယခုထိုင္း) ကို ဝါးရင္းတုတ္တပ္နဲ႕သိမ္းဖို႕ ႀကိဳးစားခဲ့တယ္။ ေနာက္ၿပီး ဆင္ျဖဴရွင္မင္းတရားႀကီးလက္ထက္မွာလည္း ယိုးဒယားကို ဝါးရင္းတုတ္ကိုင္ၿပီး တက္သိမ္းခဲ့တယ္လို႕ ဂုဏ္ယူဝင့္ႂကြားစြာ ေျပာဆိုေလ့ရွိၾကပါတယ္ ။

အမွန္တကယ္ကေတာ့ ျမန္မာေတြဟာ ယိုးဒယားကိုဝါးရင္းတုတ္ကိုင္ၿပီး တက္သိမ္းခဲ့တာေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ ယိုးဒယားကို တက္သိမ္းခဲ့တဲ့ ျမန္မာ့စစ္တပ္ထဲမွာေတာ့ တင္က်ည္းတပ္ဆိုတာပါခဲ့ၿပီး အဲဒီတပ္ရဲ႕ စြမ္းေဆာင္မွဳ႕ဟာ ယိုးဒယား ၊ျမန္မာ စစ္ပြဲေတြထဲမွာ ေတာ္ေတာ္ႀကီးကို ေျပာစမွတ္တြင္ေလာက္ေအာင္ တိုက္ခိုက္ေရးစြမ္းရည္မွာ ထြန္းေျပာင္ခဲ့ပါတယ္။

ယိုးဒယား-ျမန္မာစစ္ပြဲေတြ အတြင္းမွာ ျမန္မာတပ္ရဲ့ တင္က်ည္းကိုင္ တပ္သားေတြဟာ ေရွ႕တန္းကေနၿပီး ရင္ဆိုင္တိုက္ပြဲတိုင္းမွာ ရြပ္ရြပ္ခၽြံခၽြံနဲ႔ အစြမ္းျပ တိုက္ခိုက္ႏိုင္ခဲ့ ၾကပါတယ္ ။ ျမန္မာတို႕ရဲ႕ ေအာင္ပြဲတိုင္းမွာ တင္က်ည္းတပ္ဟာ အေရးပါတဲ့ အခန္းက႑ကေန ပါဝင္ခဲ့တယ္ဆိုတာ ယိုးဒယား- ျမန္မာ့စစ္သမိုင္းမွာ အခိုင္အမာေဖာ္ျပထားပါတယ္။

အဲဒီေတာ့ တင္က်ည္းဆိုတာ ဘာလည္း ၊ ေနာက္ၿပီး တင္က်ည္းတပ္ရဲ႕ ဖြဲ႕စည္းပံု စတာေတြကို စာဖတ္သူေတြ သိရွိႏိုင္ဖို႕၊ ဗဟုသုတရေစဖို႕ တင္ျပေပးခ်င္ပါတယ္။

တင္က်ည္းဆိုတာ အမွန္ေတာ့ လက္တစ္ဖက္တည္းနဲ႕ ကိုင္တြယ္ အသံုးျပဳလို႕ရတဲ့ အလ်ားတိုတဲ့ ဝါးရင္းတုတ္ လက္နက္မဟုတ္ပါဘူး။ ဒါေပမဲ့ ဝါးရင္းနဲ႕ျပဳလုပ္ထားတဲ့ အတြက္ သူ႕ကို ဝါးရင္းတုတ္လို႕အလြယ္တကူေခၚဆိုၾကတဲ့အတြက္တင္က်ည္းဆိုတဲ့ နာမည္ေပ်ာက္ကာ ဝါးရင္းတုတ္လို႕အမည္တြင္သြားရျခင္းပဲျဖစ္ပါတယ္ ။

တင္က်ည္းဆိုတာ အမွန္ေတာ့ က်စ္လစ္ မာေက်ာေသာ ဝါးအမ်ိဳးအစားမ်ားျဖစ္ၾကတဲ့ ဝါးရင္း၊ဝါးပိုး ေတြကို မီးသင္းၿပီး မာေက်ာေအာင္ျပဳလုပ္ထားတဲ့ တုတ္ရွည္ကိုေခၚတာျဖစ္ပါတယ္ ။

တင္က်ည္းျပဳလုပ္ပံုအဆင့္ဆင့္ကေတာ့ ေတာထဲကေန လတ္တေလာခုတ္လာတဲ့ အေနေတာ္ လက္တဆုပ္လံုးပတ္ရွိ ဝါးေတြကို အကိုင္းအခက္ရွင္းၿပီး လံုးေခ်ာျဖစ္ေအာင္လုပ္ရပါတယ္ ။

အရွည္ကိုေတာ့ အသံုးျပဳမဲ့သူရဲ႕ အရပ္ အတိုင္းအထြာနဲ႕ယွဥ္ၿပီးခုတ္ျဖတ္ရတယ္လို႕ဆိုပါတယ္။ ပံုမွန္အားျဖင့္ တင္က်ည္းေတြဟာ အသံုးျပဳတဲ့သူရဲ႕အရပ္(ေျချဖားကေနေခါင္းထိ) ကေနေနာက္ထပ္တစ္ေထာင့္တစ္ထြာ ပိုရွည္ရတယ္လို႕ သတ္မွတ္ထားပါတယ္။

ၿပီးေနာက္ ႏြားမဒါန္းရဲ႕ က်င္ငယ္ရည္နဲ႕ ၂ရက္ကေန သံုးရက္အထိ စိမ္ထားရတယ္လို႕ဆိုပါတယ္။ (အေတာ္နံမွာပဲ)။ဒါမွေကြးၫြတ္ႏိုင္တဲ့ ဝါးေၾကာေတြေသသြားတယ္လို႕ဆိုပါတယ္ ။ ထို႕ေနာက္ ေနျပင္းျပင္းမွာ ၂-၃ ရက္ လွန္းၿပီး အစိုဓာတ္ကိုဖယ္ထုတ္ရပါတယ္။

ထို႕ေနာက္ မီးျဖင့္ အေၾကာမာေအာင္ျပျပၿပီး ေျဖာင့္စင္းလာေအာင္ ေပေပၚတင္ၿပီး တူျဖင့္ထုေပးရပါတယ္။ ဒီအဆင့္ေတြၿပီးသြားရင္ေတာ့ မာေက်ာေျဖာင့္စင္းေနတဲ့ တင္က်ည္းတုတ္အၾကမ္းကိုရရွိၿပီျဖစ္ပါတယ္။

လက္နက္အျဖစ္အသံုးျပဳဖို႕အတြက္ေတာ့ တင္က်ည္းရဲ႕ ထိပ္ႏွစ္ဖက္ကိုခၽြန္ၿပီး မာေက်ာလာေအာင္ လုပ္ရပါတယ္။ ထို႕ေနာက္ထိပ္ပိုင္း ၊အလယ္ပိုင္း လက္ကိုင္ေနရာ နဲ႔ ေအာက္ပိုင္းေတြကို ေသးသြယ္က်စ္လစ္တဲ့ေလွ်ာ္ႀကိဳးမ်ားျဖင့္တင္းတင္းက်ပ္က်ပ္စည္းေႏွာင္ရပါတယ္

အဲဒီအဆင့္ေတြၿပီးသြားရင္ေတာ့ လွံကဲ့သို႕လည္း ထိုးႏိုင္ၿပီး တုတ္ရွည္ကဲ့သိုု႕လည္း လွည့္ပတ္ကစားႏိုင္ ႐ိုက္ႏိုင္တဲ့ တင္က်ည္းေခၚဝါးရင္းတုတ္ လက္နက္ကိုရရွိၿပီျဖစ္ပါတယ္။ အဲဒီတင္က်ည္းလက္နက္ဟာ ဓါးနဲ႕ပိုင္းျဖတ္လို႕မရ ေအာင္ကို မာေက်ာလွတဲ့အျပင္သူ႔ရဲ႕ဝါးစူးခၽြန္ဟာဆိုရင္ ကၽြဲသားေရခ်ပ္ေတြကိုေတာင္ ေဖာက္ႏိုင္တယ္လို႕ဆိုပါတယ္။

တင္က်ည္းနဲ႕ ႐ိုက္ႏွက္ခံရရင္လည္း အတြင္းေက်ၿပီး ကိုယ္တြင္းဒဏ္ရာ ရရွိႏိုင္တယ္လို႕ဆိုပါတယ္။ေရွးေခတ္ တင္က်ည္းကိုင္တဲ့ သူရဲေကာင္းေတြဟာ ျမန္မာ့စစ္တပ္မွာ ၾကည္းတပ္အဖြဲ႔ဝင္လက္ေရြးစင္စစ္ သည္ေတာ္ေတြျဖစ္ၾကၿပီး သူတို႕ေတြဟာ လွံေရး ၃၇ ခ်င္းအျပင္ ပြဲေက်ာင္း ဗန္တို တုတ္သိုင္းကိုပါ ကြ်မ္းက်င္ ပိုင္ႏိုင္ရပါတယ္။

တင္က်ည္းတပ္ဟာ ၾကည္းတပ္ဖြဲ႕စည္းမွဳ႕ထဲမွာ တပ္စု တစ္ခုအေနနဲ႕ပါဝင္ၿပီး ေသနတ္ဝန္ရဲ႕ လက္ေအာက္မွာ အမိန္႕နာခံရပါတယ္။ ကုန္းေဘာင္ေခတ္ စစ္တပ္ဖြဲ႕စည္းပံုအရတင္က်ည္းတပ္သား ဆယ္ေယာက္ရဲ႕ အထက္မွာ ေသြးေသာက္တစ္ေယာက္ရွိၿပီး ၊ ေသြးေသာက္ဆယ္ေယာက္တဲ့ အထက္မွာ အိုးစားႀကီးဆိုတဲ့အၾကပ္တစ္ေယာက္ရွိပါတယ္။

အိုးစားႀကီး ဆယ္ေယာက္ရဲ႕ အထက္မွာ ပ်ံခ်ီဘြဲ႕ရ တပ္မွဳဴးတစ္ေယာက္က အုပ္ခ်ဳပ္ၿပီး ေသနတ္ဝန္ရဲ႕ အမိန္႕ကို နာခံရပါတယ္ ။ အဲဒါေၾကာင့္ တင္က်ည္းတပ္ကို လူတစ္ေထာင္ပါဝင္တဲ့ လက္ေရြးစင္ ၾကည္းတပ္စု အျဖစ္ ခန္႕မွန္းတြက္ခ်က္ႏိုင္ပါတယ္။

တင္က်ည္းတပ္ဟာ ပုဂံေခတ္ကတည္းက ဖြဲ႕စည္းတည္ ရွိခဲ့တဲ့ တပ္အေနနဲ႔ သမိုင္းအေထာက္အထား မေတြ႕ရွိရေပမဲ့ ပုဂံေခတ္ အရည္းႀကီးမ်ားရဲ႕ ပြဲေက်ာင္းေတြမွာေတာ့ တင္က်ည္းကိုင္ ပညာရပ္ေတြျဖစ္တဲ့ ဗန္တို/ရွည္ တုတ္သိုင္းပညာကို သင္ၾကားေနၿပီဆိုတာအခိုင္အမာေတြ႕ရွိႏိုင္ပါတယ္။



တင္က်ည္းကိုင္ သူရဲေကာင္းေတြကို တပ္တစ္ခုအေနနဲ႕ ဖြဲ႕စည္း အသံုးခ်ခဲ့တဲ့ အေထာက္အထားကိုေတာ့ကုန္းေဘာင္ေခတ္ဦး အေလာင္းမင္းတရားႀကီး ဦးေအာင္ေဇယ် လက္ထက္ၾကမွသာ ေတြ႕ရွိရတာ ျဖစ္ပါတယ္ ။

ကုန္းေဘာင္ေခတ္တလွ်ာက္လံုး ျဖစ္ပြားခဲ့တဲ့ ယိုးဒယား ျမန္မာစစ္ပြဲတိုင္းမွာ တင္က်ည္းတပ္က ေရွ႕တန္းကေန ရြပ္ရြပ္ခၽြံခၽြံ တိုက္ၿပီး ေအာင္ပြဲဆင္ ႏိုင္ ခဲ့တဲ့ အတြက္ ယိုးဒယားလူမ်ိဳးေတြကေရာ ျမန္မာလူမ်ိဳးေတြကပါ ျမန္မာေတြဟာ အယုဒၶယၿမိဳ႕ကို ဝါးရင္းတုတ္နဲ႕ တက္သိမ္းခဲ့တယ္လို႕ ေျပာစမွတ္ျပဳခဲ့ၾကရတာျဖစ္ပါတယ္။

ေႏွာင္းလူေတြလက္ထက္အေရာက္မွာေတာ့ ျမန္မာတို႕ရဲ႕အမ်ိဳးဂုဏ္ဇာတိဂုဏ္ျမင့္မားေရးနဲ႕မ်ိဳးခ်စ္စိတ္ဓာတ္ေတြ ထက္သန္လာေအာင္ စိတ္ဓာတ္ျမင့္တင္တဲ့ အေနနဲ႕ ယိုးဒယားကို ဝါးရင္းတုတ္နဲ႔ တက္သိမ္းခဲ့တာကြလို႕ ေႂကြးေၾကာ္ၿပီးတခ်ိန္က ျမန္မာလူမ်ိဳးတို႕ရဲ႕ သတၱိနဲ႕ စစ္ေရးစြမ္းရည္ကို ေႏွာင္းလူေတြေလးစား အားက်လာေအာင္ ေျပာဆိုခဲ့ၾကပါတယ္ ။

ကိုးကား – ျမန္မာ့စြယ္စံုက်မ္း

– မွန္နန္းရာဇဝင္

– ရာဇဘိေသက က်မ္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (H.H)
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာတွေတော်တော်များများမှတ်ယူထားကြတာက ကုန်းဘောင်နန်းတည် အလောင်းမင်းတရား ဦးအောင်ဇေယျဟာ အယုဒ္ဓယ(ယခုထိုင်း) ကို ဝါးရင်းတုတ်တပ်နဲ့သိမ်းဖို့ ကြိုးစားခဲ့တယ်။ နောက်ပြီး ဆင်ဖြူရှင်မင်းတရားကြီးလက်ထက်မှာလည်း ယိုးဒယားကို ဝါးရင်းတုတ်ကိုင်ပြီး တက်သိမ်းခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလေ့ရှိကြပါတယ် ။

အမှန်တကယ်ကတော့ မြန်မာတွေဟာ ယိုးဒယားကိုဝါးရင်းတုတ်ကိုင်ပြီး တက်သိမ်းခဲ့တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ယိုးဒယားကို တက်သိမ်းခဲ့တဲ့ မြန်မာ့စစ်တပ်ထဲမှာတော့ တင်ကျည်းတပ်ဆိုတာပါခဲ့ပြီး အဲဒီတပ်ရဲ့ စွမ်းဆောင်မှု့ဟာ ယိုးဒယား ၊မြန်မာ စစ်ပွဲတွေထဲမှာ တော်တော်ကြီးကို ပြောစမှတ်တွင်လောက်အောင် တိုက်ခိုက်ရေးစွမ်းရည်မှာ ထွန်းပြောင်ခဲ့ပါတယ်။

ယိုးဒယား-မြန်မာစစ်ပွဲတွေ အတွင်းမှာ မြန်မာတပ်ရဲ့ တင်ကျည်းကိုင် တပ်သားတွေဟာ ရှေ့တန်းကနေပြီး ရင်ဆိုင်တိုက်ပွဲတိုင်းမှာ ရွပ်ရွပ်ချွံချွံနဲ့ အစွမ်းပြ တိုက်ခိုက်နိုင်ခဲ့ ကြပါတယ် ။ မြန်မာတို့ရဲ့ အောင်ပွဲတိုင်းမှာ တင်ကျည်းတပ်ဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာ ယိုးဒယား- မြန်မာ့စစ်သမိုင်းမှာ အခိုင်အမာဖော်ပြထားပါတယ်။

အဲဒီတော့ တင်ကျည်းဆိုတာ ဘာလည်း ၊ နောက်ပြီး တင်ကျည်းတပ်ရဲ့ ဖွဲ့စည်းပုံ စတာတွေကို စာဖတ်သူတွေ သိရှိနိုင်ဖို့၊ ဗဟုသုတရစေဖို့ တင်ပြပေးချင်ပါတယ်။

တင်ကျည်းဆိုတာ အမှန်တော့ လက်တစ်ဖက်တည်းနဲ့ ကိုင်တွယ် အသုံးပြုလို့ရတဲ့ အလျားတိုတဲ့ ဝါးရင်းတုတ် လက်နက်မဟုတ်ပါဘူး။ ဒါပေမဲ့ ဝါးရင်းနဲ့ပြုလုပ်ထားတဲ့ အတွက် သူ့ကို ဝါးရင်းတုတ်လို့အလွယ်တကူခေါ်ဆိုကြတဲ့အတွက်တင်ကျည်းဆိုတဲ့ နာမည်ပျောက်ကာ ဝါးရင်းတုတ်လို့အမည်တွင်သွားရခြင်းပဲဖြစ်ပါတယ် ။

တင်ကျည်းဆိုတာ အမှန်တော့ ကျစ်လစ် မာကျောသော ဝါးအမျိုးအစားများဖြစ်ကြတဲ့ ဝါးရင်း၊ဝါးပိုး တွေကို မီးသင်းပြီး မာကျောအောင်ပြုလုပ်ထားတဲ့ တုတ်ရှည်ကိုခေါ်တာဖြစ်ပါတယ် ။

တင်ကျည်းပြုလုပ်ပုံအဆင့်ဆင့်ကတော့ တောထဲကနေ လတ်တလောခုတ်လာတဲ့ အနေတော် လက်တဆုပ်လုံးပတ်ရှိ ဝါးတွေကို အကိုင်းအခက်ရှင်းပြီး လုံးချောဖြစ်အောင်လုပ်ရပါတယ် ။

အရှည်ကိုတော့ အသုံးပြုမဲ့သူရဲ့ အရပ် အတိုင်းအထွာနဲ့ယှဉ်ပြီးခုတ်ဖြတ်ရတယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့် တင်ကျည်းတွေဟာ အသုံးပြုတဲ့သူရဲ့အရပ်(ခြေဖြားကနေခေါင်းထိ) ကနေနောက်ထပ်တစ်ထောင့်တစ်ထွာ ပိုရှည်ရတယ်လို့ သတ်မှတ်ထားပါတယ်။

ပြီးနောက် နွားမဒါန်းရဲ့ ကျင်ငယ်ရည်နဲ့ ၂ရက်ကနေ သုံးရက်အထိ စိမ်ထားရတယ်လို့ဆိုပါတယ်။ (အတော်နံမှာပဲ)။ဒါမှကွေးညွတ်နိုင်တဲ့ ဝါးကြောတွေသေသွားတယ်လို့ဆိုပါတယ် ။ ထို့နောက် နေပြင်းပြင်းမှာ ၂-၃ ရက် လှန်းပြီး အစိုဓာတ်ကိုဖယ်ထုတ်ရပါတယ်။

ထို့နောက် မီးဖြင့် အကြောမာအောင်ပြပြပြီး ဖြောင့်စင်းလာအောင် ပေပေါ်တင်ပြီး တူဖြင့်ထုပေးရပါတယ်။ ဒီအဆင့်တွေပြီးသွားရင်တော့ မာကျောဖြောင့်စင်းနေတဲ့ တင်ကျည်းတုတ်အကြမ်းကိုရရှိပြီဖြစ်ပါတယ်။

လက်နက်အဖြစ်အသုံးပြုဖို့အတွက်တော့ တင်ကျည်းရဲ့ ထိပ်နှစ်ဖက်ကိုချွန်ပြီး မာကျောလာအောင် လုပ်ရပါတယ်။ ထို့နောက်ထိပ်ပိုင်း ၊အလယ်ပိုင်း လက်ကိုင်နေရာ နဲ့ အောက်ပိုင်းတွေကို သေးသွယ်ကျစ်လစ်တဲ့လျှော်ကြိုးများဖြင့်တင်းတင်းကျပ်ကျပ်စည်းနှောင်ရပါတယ်

အဲဒီအဆင့်တွေပြီးသွားရင်တော့ လှံကဲ့သို့လည်း ထိုးနိုင်ပြီး တုတ်ရှည်ကဲ့သို့လည်း လှည့်ပတ်ကစားနိုင် ရိုက်နိုင်တဲ့ တင်ကျည်းခေါ်ဝါးရင်းတုတ် လက်နက်ကိုရရှိပြီဖြစ်ပါတယ်။ အဲဒီတင်ကျည်းလက်နက်ဟာ ဓါးနဲ့ပိုင်းဖြတ်လို့မရ အောင်ကို မာကျောလှတဲ့အပြင်သူ့ရဲ့ဝါးစူးချွန်ဟာဆိုရင် ကျွဲသားရေချပ်တွေကိုတောင် ဖောက်နိုင်တယ်လို့ဆိုပါတယ်။

တင်ကျည်းနဲ့ ရိုက်နှက်ခံရရင်လည်း အတွင်းကျေပြီး ကိုယ်တွင်းဒဏ်ရာ ရရှိနိုင်တယ်လို့ဆိုပါတယ်။ရှေးခေတ် တင်ကျည်းကိုင်တဲ့ သူရဲကောင်းတွေဟာ မြန်မာ့စစ်တပ်မှာ ကြည်းတပ်အဖွဲ့ဝင်လက်ရွေးစင်စစ် သည်တော်တွေဖြစ်ကြပြီး သူတို့တွေဟာ လှံရေး ၃၇ ချင်းအပြင် ပွဲကျောင်း ဗန်တို တုတ်သိုင်းကိုပါ ကျွမ်းကျင် ပိုင်နိုင်ရပါတယ်။

တင်ကျည်းတပ်ဟာ ကြည်းတပ်ဖွဲ့စည်းမှု့ထဲမှာ တပ်စု တစ်ခုအနေနဲ့ပါဝင်ပြီး သေနတ်ဝန်ရဲ့ လက်အောက်မှာ အမိန့်နာခံရပါတယ်။ ကုန်းဘောင်ခေတ် စစ်တပ်ဖွဲ့စည်းပုံအရတင်ကျည်းတပ်သား ဆယ်ယောက်ရဲ့ အထက်မှာ သွေးသောက်တစ်ယောက်ရှိပြီး ၊ သွေးသောက်ဆယ်ယောက်တဲ့ အထက်မှာ အိုးစားကြီးဆိုတဲ့အကြပ်တစ်ယောက်ရှိပါတယ်။

အိုးစားကြီး ဆယ်ယောက်ရဲ့ အထက်မှာ ပျံချီဘွဲ့ရ တပ်မှုူးတစ်ယောက်က အုပ်ချုပ်ပြီး သေနတ်ဝန်ရဲ့ အမိန့်ကို နာခံရပါတယ် ။ အဲဒါကြောင့် တင်ကျည်းတပ်ကို လူတစ်ထောင်ပါဝင်တဲ့ လက်ရွေးစင် ကြည်းတပ်စု အဖြစ် ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

တင်ကျည်းတပ်ဟာ ပုဂံခေတ်ကတည်းက ဖွဲ့စည်းတည် ရှိခဲ့တဲ့ တပ်အနေနဲ့ သမိုင်းအထောက်အထား မတွေ့ရှိရပေမဲ့ ပုဂံခေတ် အရည်းကြီးများရဲ့ ပွဲကျောင်းတွေမှာတော့ တင်ကျည်းကိုင် ပညာရပ်တွေဖြစ်တဲ့ ဗန်တို/ရှည် တုတ်သိုင်းပညာကို သင်ကြားနေပြီဆိုတာအခိုင်အမာတွေ့ရှိနိုင်ပါတယ်။



တင်ကျည်းကိုင် သူရဲကောင်းတွေကို တပ်တစ်ခုအနေနဲ့ ဖွဲ့စည်း အသုံးချခဲ့တဲ့ အထောက်အထားကိုတော့ကုန်းဘောင်ခေတ်ဦး အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ လက်ထက်ကြမှသာ တွေ့ရှိရတာ ဖြစ်ပါတယ် ။

ကုန်းဘောင်ခေတ်တလျှာက်လုံး ဖြစ်ပွားခဲ့တဲ့ ယိုးဒယား မြန်မာစစ်ပွဲတိုင်းမှာ တင်ကျည်းတပ်က ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ တိုက်ပြီး အောင်ပွဲဆင် နိုင် ခဲ့တဲ့ အတွက် ယိုးဒယားလူမျိုးတွေကရော မြန်မာလူမျိုးတွေကပါ မြန်မာတွေဟာ အယုဒ္ဓယမြို့ကို ဝါးရင်းတုတ်နဲ့ တက်သိမ်းခဲ့တယ်လို့ ပြောစမှတ်ပြုခဲ့ကြရတာဖြစ်ပါတယ်။

နှောင်းလူတွေလက်ထက်အရောက်မှာတော့ မြန်မာတို့ရဲ့အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနဲ့မျိုးချစ်စိတ်ဓာတ်တွေ ထက်သန်လာအောင် စိတ်ဓာတ်မြင့်တင်တဲ့ အနေနဲ့ ယိုးဒယားကို ဝါးရင်းတုတ်နဲ့ တက်သိမ်းခဲ့တာကွလို့ ကြွေးကြော်ပြီးတချိန်က မြန်မာလူမျိုးတို့ရဲ့ သတ္တိနဲ့ စစ်ရေးစွမ်းရည်ကို နှောင်းလူတွေလေးစား အားကျလာအောင် ပြောဆိုခဲ့ကြပါတယ် ။

ကိုးကား – မြန်မာ့စွယ်စုံကျမ်း

– မှန်နန်းရာဇဝင်

– ရာဇဘိသေက ကျမ်း

ဖိုးသူတော် (www.phothutaw.com)
Credit: (H.H)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top