ကလောမြို့  သဘာဝတောင်တန်းများဖြင့် ဝန်းရံထားပြီး သာယာလှပသောအင်းပြင်အနီး ဂရန်အမည်ပေါက် လုံးချင်းအိမ်အရောင်းပြပွဲ
×



ရန်ကုန်နေပြည်သူများ စင်ကာပူနိုင်ငံသူ၊ နိုင်ငံသားများကဲ့သို့ စည်းကမ်းတကျဖြစ်စေရန် Singapore Festival 2018 ကို ၃ ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တွဲဖက်အတွင်း ရေးမှူး ဦးသန်းက News Watch သို့ ပြောသည်။

Singapore Festival 2018 ပွဲတော်ကို ရန်ကုန်မြို့လယ်ရှိ ဘိုကလေးဈေးလမ်းတွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ Singapore Tourism Board (STB) ၏ စီစဉ်မှုဖြင့် ကျင်းပမည်ဖြစ်သည်။ အဆိုပါပွဲတော်တွင် လမ်းတလမ်းအတွင်း ဈေးသည်များစနစ်တကျခင်းကျင်းရောင်းချသည့်ပုံစံ၊ Landscape ရှုခင်းများ၊ အလှအပများ၊ အဆောက်အဦများရှိ ဆိုင်ခန်းများအား စည်းကမ်းတကျ၊ လှလှပပပြင်ဆင်ခင်းကျင်းရောင်းချမှုပုံစံများကို စင်ကာပူနိုင်ငံကဲ့သို့ နမူနာယူခင်းကျင်းပြသမည် ဖြစ်သည်။ အဆိုပါပွဲတော်ကျင်းပနေသည့် လမ်းတလျှောက် တွင် အမှိုက်ပုံးများ စနစ်တကျစွန့်ပစ်ပုံ၊ လူနေထိုင်မှုပုံစံများနှင့် ဖျော်ဖြေရေးပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်း ဦးသန်းက ပြောသည်။

''အဓိကကတော့ စင်ကာပူလိုပဲ စည်းကမ်းတကျဖြစ်အောင်အသိပညာပေးတဲ့သဘောပါ။ နောက်ဖေးလမ်းကြား တွေမှာလည်း စနစ်တကျ သပ်သပ်ရပ်ရပ်နဲ့ လူတွေစည်းကမ်းတကျ နေတတ်ထိုင်တတ်အောင် မြို့တော်အင်္ဂါရပ်နဲ့ ညီအောင် ဈေးဆိုင်တွေကလည်း ဈေးဆိုင်တွေအလျောက်၊ လမ်းဘေးဈေးသည်တွေက လည်းလမ်းဘေးဈေးသည်တွေအလျောက်၊ ပြီးတော့ culture နဲ့ ပတ်သက်တဲ့ ပြတာလေးတွေလည်းပါမယ်။ အစားအသောက်ဆိုရင်လည်း အနည်းဆုံးမြန်မာငွေကျပ် ၅၀၀ နဲ့ ၀ယ်စားလို့ရနိုင်တဲ့ဟာလေးတွေ လည်းပါမယ်။ လူတိုင်းစားနိုင်သောက်နိုင်မယ့် အစားအသောက်လေးတွေ၊ စနစ်တကျလမ်းဘေးမှာ ဈေးရောင်းနိုင်တဲ့ ခင်းကျင်းပြသတဲ့ ပွဲတော်လေးတခုပါ''ဟု ၎င်းက ပြောသည်။

စင်ကာပူပွဲတော်ကိုကျင်းပရခြင်း၏ ရည်ရွယ်ချက်တွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို ဆွဲဆောင်မှုရှိစေ ရန်ဆိုသည့် အချက်လည်းပါဝင်ကြောင်း သိရသည်။ ယင်းပွဲတော်ကို ဒို့အိမ်အဖွဲ့မှ ပူးပေါင်းပါဝင်မည်ဖြစ်ပြီး ပွဲတော်တွင် ပူးပေါင်းပါဝင်မှုရှိစေရန် ဘိုကလေးဈေးလမ်းတွင် နေထိုင်သူ ၇၅ ဦးခန့်ကို ဒို့အိမ်အဖွဲ့မှ စစ်တမ်းများကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။

''ပွဲတော်လုပ်မယ့်လမ်းက လူတွေ၊ အဲဒီက လူ ၇၅ ဦးလောက်ကို စစ်တမ်းကောက်တာတွေ၊ အင်တာဗျူး လေးတွေလုပ်ထားတယ်။ သူတို့ကလည်း သူတို့အိမ်ရှေ့ကော်ရစ်ဒါလေးမှာ မီးထွန်းပြီးတော့ မီးအလှတွေ၊ ဘာတွေဆင်ပေးတာတို့နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှာပါ''ဟု ဦးသန်းက ပြောသည်။

စင်ကာပူပွဲတော်ကျင်းပစဉ်အတွင်း လုံခြုံရေး၊ မီးရရှိရေးတို့အတွက် YCDC မှ ပူးပေါင်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း Singapore Festival 2018 ကျင်းပနိုင်ရေးအတွက် သြဂုတ် ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E.Ms. Vanessa Chan ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:လင်းလင်းအောင်
# Unicode Version ဖြင့် ဖတ်ပါ #
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top