×

ရွမ္းျပည္ေျမာက္ပိုင္း လားရႈိးၿမိဳ႕႐ိုးမဘဏ္အနီးတြင္ ဗုံးေပါက္ကြဲမႈႏွင့္ ပတ္သက္၍ သံသယရွိသူ အမ်ိဳးသား တစ္ဦးကို လုံၿခဳံေရးကင္မရာ (CCTV) မွတ္တမ္းမ်ားအရ ေတြ႕ရွိထားေၾကာင္း ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီး စန္းဝင္းက ေျပာၾကားသည္။

ေဖေဖာ္ဝါရီလ ၂၁ရက္ေန႔ ညက ဗုံးေပါက္ကြဲၿပီးေနာက္ ႐ိုးမဘဏ္ႏွင့္ ဧရာဝတီဘဏ္ႏွစ္ခုတြင္ တပ္ဆင္ထား သည့္ CCTV မွတ္တမ္းမ်ားကို ျပန္လည္ စစ္ေဆးရာ ယင္းသို႔ေတြ႕ရွိသျဖင့္ အတည္ျပဳႏိုင္ရန္ စုံစမ္းစစ္ ေဆးေနေၾကာင္း ၎က ေျပာဆိုသည္။

“စုံစမ္းစစ္ေဆးဆဲပါ။ CCTV မွတ္တမ္းမွာေပၚတဲ့ မသကၤာတဲ့သူကို ဓာတ္ပုံထုတ္ၿပီးေတာ့ လိုက္လံ စုံစမ္းေမးျမန္းေနပါတယ္။ အတည္ျပဳေနဆဲပါပဲ။ ဒီ CCTV မွတ္တမ္းမွာေပၚတဲ့ သူေတြထဲက သံသယရွိတဲ့ သူတစ္ေယာက္ကို လိုက္ၿပီး အတည္ျပဳေနတာပါ” ဟု ျပည္နယ္ရဲတပ္ဖြဲ႕မႉးက ဆိုသည္။

CCTV မွတ္တမ္း၏ အရည္ အေသြးေၾကာင့္ အဆိုပါ သံသယရွိသူ၏ ပုံသဏၭာန္ႏွင့္ အေနအထားကို အတိအက် ခန႔္မွန္းရ ခက္ခဲေနေၾကာင္း၊ ယင္းေပါက္ကြဲ မႈမွာမည္သည့္အဖြဲ႕၊ လူပုဂၢိဳလ္တို႔၏ လက္ခ်က္ျဖစ္သည္ကိုလည္း ေျပာဆို၍ မရေသးေၾကာင္း ၎က ဆက္လက္ေျပာဆိုသည္။

ယင္းျဖစ္စဥ္ ျဖစ္ပြားၿပီး ေနာက္ပိုင္းတြင္ လားရႈိးၿမိဳ႕ေပၚ၌ လုံၿခဳံေရးကို ယခင္ကထက္ ပိုမိုတိုးျမႇင့္ထားၿပီး ညနက္ပိုင္းမ်ားတြင္ လွည့္ကင္းမ်ားျဖင့္ စစ္ေဆးေနေၾကာင္း ဒုတိယရဲမႉးႀကီး စန္းဝင္းက ေျပာၾကားသည္။

ဗုံးေပါက္ကြဲမႈ ျဖစ္စဥ္ေၾကာင့္ ႐ိုးမဘဏ္ ဝန္ထမ္း အမ်ိဳးသမီးႏွစ္ဦး ေသဆုံး ကာ ၂၂ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့ၿပီး ေလးဦးမွာ လားရႈိးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးတြင္ ေဆးကုသေနရဆဲ ျဖစ္ေၾကာင္း လာရႈိးလူငယ္မ်ားလူမႈကူညီေရး အဖြဲ႕ထံမွ သိရသည္။

ယင္းေပါက္ကြဲမႈတြင္ စိုးရိမ္ရသည့္ အမ်ိဳးသား လူနာတစ္ဦးမွာမူ ရန္ကုန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ကာ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း လားရႈိးၿမိဳ႕ျပည္သူ႔က်န္းမာေရးဦးစီးဌာနထံမွ သိရသည္။

“ကြၽန္ေတာ္တို႔ ၿမိဳ႕ေပၚမွာက ဟိုးအရင္ကတည္းက ဒီေလာက္ (ဗုံးေပါက္ကြဲမႈ) ေတာ့ မျဖစ္ေပမယ့္ အနည္းအက်ဥ္းကေတာ့ ျဖစ္ေနက်ပါ။ လက္ရွိအခ်ိန္မွာ ၿမိဳ႕ေပၚမွာေတာ့ ေအးေဆး ျပန္ျဖစ္သြားပါၿပီ” ဟု လာရႈိးလူငယ္မ်ား လူမႈကူညီေရး အဖြဲ႕၏ ဥကၠ႒ ဦးထြန္းျမင့္က ေျပာၾကားသည္။

ယင္းေပါက္ကြဲမႈမွာ အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕က ေဒသႏၲရမိုင္းျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့ျခင္း ျဖစ္ေၾကာင္း အခင္းျဖစ္ၿပီး သုံးနာရီေက်ာ္အၾကာတြင္ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ခဲ့သည္။

အၾကမ္းဖက္ေသာင္းက်န္းသူအဖြဲ႕ကိုလည္း စိစစ္ေနဆဲျဖစ္ေၾကာင္း ယင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပခဲ့ၿပီး ယင္းေပါက္ကြဲမႈႏွင့္ ပတ္သက္၍ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔၄ နာရီအထိ သတင္း ထပ္မံထုတ္ျပန္ျခင္း မရွိေသးေပ။

လားရႈိးၿမိဳ႕ရဲစခန္းႏွင့္ မ်က္ေစာင္းထိုးတြင္ တည္ရွိသည့္ ႐ိုးမဘဏ္ခြဲ (၁) အနီး ေရေျမာင္းအတြင္း ေထာင္ထားသည့္ ဗုံးေပါက္ကြဲသျဖင့္ ႐ိုးမဘဏ္တြင္ ပ်က္စီးခဲ့သည့္အျပင္ ကပ္လ်က္တည္ရွိသည့္ ဧရာဝတီဘဏ္တြင္လည္း မ်က္ႏွာစာက မွန္မ်ားကြဲေၾက ပ်က္စီးခဲ့သည္။

ယင္းအျပင္ ႐ိုးမဘဏ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ တည္ရွိသည့္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန႐ုံး မ်က္ႏွာစာက မွန္ မ်ားလည္း ကြဲေၾကပ်က္စီးခဲ့သည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ေပါက္ကြဲေစတတ္ေသာ ပစၥည္းမ်ားအား ေပါ့ေလ်ာ့မႈ ပုဒ္မ ၂၈၆၊ လူသတ္ရန္ ႀကံစည္မႈ ပုဒ္မ ၃၀၇၊ အျပင္းထန္ နာက်င္ေစမႈ ပုဒ္မ ၃၂၆၊ လူသတ္မႈ ၃၀၂ တို႔ျဖင့္ လာရႈိး ၿမိဳ႕မရဲစခန္းက အမႈဖြင့္ ထားေၾကာင္း ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice Journal

#Unicode Version#
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရိုးမဘဏ်အနီးတွင် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ သံသယရှိသူ အမျိုးသား တစ်ဦးကို လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းများအရ တွေ့ရှိထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စန်းဝင်းက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့ ညက ဗုံးပေါက်ကွဲပြီးနောက် ရိုးမဘဏ်နှင့် ဧရာဝတီဘဏ်နှစ်ခုတွင် တပ်ဆင်ထား သည့် CCTV မှတ်တမ်းများကို ပြန်လည် စစ်ဆေးရာ ယင်းသို့တွေ့ရှိသဖြင့် အတည်ပြုနိုင်ရန် စုံစမ်းစစ် ဆေးနေကြောင်း ၎င်းက ပြောဆိုသည်။

“စုံစမ်းစစ်ဆေးဆဲပါ။ CCTV မှတ်တမ်းမှာပေါ်တဲ့ မသင်္ကာတဲ့သူကို ဓာတ်ပုံထုတ်ပြီးတော့ လိုက်လံ စုံစမ်းမေးမြန်းနေပါတယ်။ အတည်ပြုနေဆဲပါပဲ။ ဒီ CCTV မှတ်တမ်းမှာပေါ်တဲ့ သူတွေထဲက သံသယရှိတဲ့ သူတစ်ယောက်ကို လိုက်ပြီး အတည်ပြုနေတာပါ” ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆိုသည်။

CCTV မှတ်တမ်း၏ အရည် အသွေးကြောင့် အဆိုပါ သံသယရှိသူ၏ ပုံသဏ္ဌာန်နှင့် အနေအထားကို အတိအကျ ခန့်မှန်းရ ခက်ခဲနေကြောင်း၊ ယင်းပေါက်ကွဲ မှုမှာမည်သည့်အဖွဲ့၊ လူပုဂ္ဂိုလ်တို့၏ လက်ချက်ဖြစ်သည်ကိုလည်း ပြောဆို၍ မရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီး နောက်ပိုင်းတွင် လားရှိုးမြို့ပေါ်၌ လုံခြုံရေးကို ယခင်ကထက် ပိုမိုတိုးမြှင့်ထားပြီး ညနက်ပိုင်းများတွင် လှည့်ကင်းများဖြင့် စစ်ဆေးနေကြောင်း ဒုတိယရဲမှူးကြီး စန်းဝင်းက ပြောကြားသည်။

ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် ရိုးမဘဏ် ဝန်ထမ်း အမျိုးသမီးနှစ်ဦး သေဆုံး ကာ ၂၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လေးဦးမှာ လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသနေရဆဲ ဖြစ်ကြောင်း လာရှိုးလူငယ်များလူမှုကူညီရေး အဖွဲ့ထံမှ သိရသည်။

ယင်းပေါက်ကွဲမှုတွင် စိုးရိမ်ရသည့် အမျိုးသား လူနာတစ်ဦးမှာမူ ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း လားရှိုးမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“ကျွန်တော်တို့ မြို့ပေါ်မှာက ဟိုးအရင်ကတည်းက ဒီလောက် (ဗုံးပေါက်ကွဲမှု) တော့ မဖြစ်ပေမယ့် အနည်းအကျဉ်းကတော့ ဖြစ်နေကျပါ။ လက်ရှိအချိန်မှာ မြို့ပေါ်မှာတော့ အေးဆေး ပြန်ဖြစ်သွားပါပြီ” ဟု လာရှိုးလူငယ်များ လူမှုကူညီရေး အဖွဲ့၏ ဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောကြားသည်။

ယင်းပေါက်ကွဲမှုမှာ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ဒေသန္တရမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အခင်းဖြစ်ပြီး သုံးနာရီကျော်အကြာတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ကိုလည်း စိစစ်နေဆဲဖြစ်ကြောင်း ယင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပြီး ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၄ နာရီအထိ သတင်း ထပ်မံထုတ်ပြန်ခြင်း မရှိသေးပေ။

လားရှိုးမြို့ရဲစခန်းနှင့် မျက်စောင်းထိုးတွင် တည်ရှိသည့် ရိုးမဘဏ်ခွဲ (၁) အနီး ရေမြောင်းအတွင်း ထောင်ထားသည့် ဗုံးပေါက်ကွဲသဖြင့် ရိုးမဘဏ်တွင် ပျက်စီးခဲ့သည့်အပြင် ကပ်လျက်တည်ရှိသည့် ဧရာဝတီဘဏ်တွင်လည်း မျက်နှာစာက မှန်များကွဲကြေ ပျက်စီးခဲ့သည်။

ယင်းအပြင် ရိုးမဘဏ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး မျက်နှာစာက မှန် များလည်း ကွဲကြေပျက်စီးခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပေါက်ကွဲစေတတ်သော ပစ္စည်းများအား ပေါ့လျော့မှု ပုဒ်မ ၂၈၆၊ လူသတ်ရန် ကြံစည်မှု ပုဒ်မ ၃၀၇၊ အပြင်းထန် နာကျင်စေမှု ပုဒ်မ ၃၂၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် လာရှိုး မြို့မရဲစခန်းက အမှုဖွင့် ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: The Voice Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top