န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ခ်စ္သူရည္းစားရယ္လို႔ျဖစ္လာရင္ ပထမတစ္လနွစ္လေလာက္က အဆင္ေျပေျပနဲ႔ တုန္ေနေအာင္ခ်စ္ၾကၿပီး ၃,၄ လေလာက္ၾကာေတာ့ ကေတာက္ကဆေလးေတြ စျဖစ္လာၾကၿပီေလ။ သေဘာထားမတိုက္ဆိုင္တာေတြ၊ စိတ္ေကာက္သဝန္တိုတာေတြ၊ ရစ္တာကိုမခံနိုင္တာမ်ိဳးေတြ၊ ဂရုစိုက္မခံရလို႔စိတ္ပ်က္အားငယ္တာမ်ိဳးေတြ ျဖစ္လာတတ္ပါတယ္။ ႏွင္းဒီေန႔ေဆြးေႏြးခ်င္တာေလးကေတာ့ ဂရုစိုက္ခံခ်င္ၾကတဲ့လူတစ္ေယာက္ရဲ႕ေနရာကေန ဘယ္လိုခံစားခ်က္ေတြရွိလဲဆိုတာနဲ႔ ဘာေၾကာင့္ဂရုစိုက္ခံခ်င္တယ္ဆိုတဲ့ အေၾကာင္းေလးေတြျဖစ္ပါတယ္။

ဘာေၾကာင့္ဂရုစိုက္ခံခ်င္လဲေမးရင္ အေျဖကအရမ္းရွင္းတယ္ေရာ္။ ခ်စ္လို႔ေပါ့။ ဂရုစိုက္ခံခ်င္တယ္ဆိုတဲ့ေနရာမွာလဲ ဟိုးတစ္ကယ့္ေသးေသးပိစိေကြးကစ အရိပ္တၾကည့္ၾကည့္ လိုက္ၾကည့္ခိုင္းေနတာမ်ိဳးမဟုတ္ဘဲ ကိုယ့္ကိုခ်စ္တဲ့လူတစ္ေယာက္အေနနဲ႔ ကိုယ္ဘာမ်ားလုပ္ေနမလဲဆိုတဲ့ သိခ်င္စိတ္ေလးတစ္ခု၊ ငါ့ကိုသတိရေနပါလားဆိုတဲ့အသိေလးတစ္ခုကို ေတာင့္တတာျဖစ္ပါတယ္။ ဘယ္သူမဆို ကိုယ္ခ်စ္တဲ့လူကို ဆံုးရႈံးလိုက္ရမွာေၾကာက္တဲ့စိတ္က အနည္းနဲ႔ အမ်ားေတာ့ ရွိတတ္ၾကပါတယ္။ ဒါေၾကာင့္ ကိုယ္နဲ႕အတူရွိမေနတဲ့အခ်ိန္မွာ ဘယ္သူနဲ႕မ်ားအတူရွိေနမွာလဲ? ဘယ္သူနဲ႕ဘာေတြေျပာေနလို႕ ငါ့ကိုစကားေလးေတာင္လာမေျပာတာလဲဆိုတဲ့ စိတ္ခံစားမႈေတြက အရမ္းကိုခံရခက္ၿပီး ေျပာျပရခက္တဲ့ စိတ္အေျခအေနပါ။ ဘယ္သူမဆို အတိတ္က အေျခအေနေတြ ရွိကိုရွိခဲ့ၾကမွာပါပဲ။ ထိုနည္းတူပဲ ဒီအေျခအေနေတြကုိ လက္မခံခ်င္လည္း အတင္းေမ့ေပ်ာက္ၿပီး ဟန္ကုိယ့္ဖို႔ေနလိုက္ရတဲ့ အေျခအေနေတြလဲအမ်ားႀကီးရွိဦးမွာပါ။ ဒီဒဏ္ရာေတြအနာက်က္ဖို႔၊ အားလံုးကိုလံုးဝေမ့ေပ်ာက္လုိက္နိုင္ဖို႔ဆိုတာ ကိုယ္တိုင္ကလဲရုန္းထြက္နိုင္ဖို႔လိုအပ္သလို တစ္ဖက္လူရဲ႕ ဂရုစိုက္မႈေတြကလဲ အရမ္းလိုအပ္ပါေသးတယ္။

အထူးသျဖင့္ အရမ္းစိတ္ခံစားခ်က္ျပင္းထန္တဲ့လူမ်ိဳးေတြမွာ လူမသိတဲ့သိမ္ငယ္စိတ္တစ္မ်ိဳးရွိတတ္ပါတယ္။ မရွိေသးတဲ့အရာတစ္ခုကို ပံုေဖာ္နိုင္စြမ္းအရမ္းေကာင္းတာမို႔ မရွိေသးတဲ့အရာတစ္ခု၊ ဘယ္ေတာ့မွ ျဖစ္မလာနိုင္ေလာက္မယ့္အရာတစ္ခုကို စလယ္ဆံုး တိတိက်က်ပံုေဖာ္နိုင္ၾကပါတယ္။ ေနာက္ၿပီး ကိုယ့္ကိုယ္ကိုယ္ လံုျခံဳမႈမရွိၾကေတာ့ တစ္ဦးတစ္ေယာက္သတ္သတ္မွတ္မွတ္နဲ႕ျဖစ္ေစ၊ တျခားသူ႕ေဘးမွာရွိတဲ့လူနဲ႕ျဖစ္ေစ စိတ္ခ်လက္ခ် မေနနိုင္တာမ်ိဳးေပါ့။ ‘မင္းက အလကားေန ဒရာမာေတြခ်ိဳးေနတာကိုး’၊ ‘အလကားအလုပ္မဟုတ္တာကိုလိုက္ခံစားေနတာ’ ‘ၿပီးခဲ့တာေတြကို ခဏခဏျပန္ဆြဲထုတ္ၿပီး အသစ္ျပန္လုပ္ေနတယ္’ ‘သူလည္း သူ့ဘာသာေနေနၿပီကို ဘာကိစၥနဲ႕လိုက္လိုက္တူးဆြေနတာလဲ’။ ဒီစကားလံုးေတြက သူတို႔ေတြကို တျခားလူေတြက လက္ညွိဳးထိုးၾကတဲ့ စြဲခ်က္ေတြပါ။ ဟုတ္ၿပီ သူတို႕ကဒီလိုစိတ္မ်ိဳးေတြနဲ႔ ခဏခဏျပႆနာရွာလို႔ ၿငီးေငြ႔လာတယ္ဆိုရင္ သူတို႔အေပၚဒီလိုစိတ္မ်ိဳးေတြျဖစ္လာေအာင္ ဘယ္အရာကတြန္းပို႔ခဲ့သလဲ? ဘာေတြက သူ႔ကို ဒီလိုေတြေတြးေစတာလဲ? စသည္ျဖင့္ျပန္ၾကည့္ေပးေစခ်င္ပါတယ္။

အားေနတိုင္းသူ႕စိတ္မွာ ျဖစ္သမွ်လိုက္ရွင္းေပးေနရေအာင္ သူ႔အုပ္ထိန္းသူမွ မဟုတ္တာဆိုၿပီးေတြးမယ္ဆိုရင္ ခံစားရတဲ့လူကလဲ ဘာေသြးေတာ္သားစပ္ေနလို႔ စိတ္ပူၿပီးလိုက္ေျပာေနမွာလဲ? ျဖစ္ေနက်မို႔ လက္လြတ္စပယ္ထားလိုက္ ၿပီးသြားမွာဆိုတာမ်ိဳး မျဖစ္ေစခ်င္တာပါ။ ဘာလို႔လဲဆိုေတာ့ ဒီလိုလူမ်ိဳးေတြက ေတာ္ရံုတန္ရံုေလာက္ဆို လူမသိလိုက္ဘဲ တိုးတိုးတိတ္တိတ္ေျဖရွင္းတတ္ေပမယ့္ တကယ္ သူတို႔က ထုတ္ေျပာလာၿပီဆို ရင္ထဲစုလာတာ အရမ္းမ်ားသြားလို႔ ေပါက္ကြဲထြက္လာတဲ့သေဘာပါ။ ဒီလိုမ်ိဳးေတြက လႊတ္ထားေပးပါလို႔ေျပာေပမယ့္ တစ္ခါတစ္ေလက်ေတာ့ သူတို႔ကိုယ္တိုင္ကလည္း မြန္းၾကပ္တာအရမ္းမ်ားလာၿပီး ထြက္ေပါက္လိုခ်င္တတ္ၾကတဲ့လူေတြ၊ ေဘးကလူေတြထက္ေတာင္ အရာရာကို ေပါ့ေပါ့ပါးပါးနဲ႕ လႊတ္ခ်လိုက္ခ်င္တဲ့လူမ်ိဳးေတြပါ။ ဒါေၾကာင့္ တစ္ဖက္လူရဲ႕စကားတစ္ခြန္း၊ အျပဳအမူတစ္ခုဟာ သူ႔အေပၚအရမ္းႀကီးသက္ေရာက္မႈ မ်ားပါတယ္။ နွစ္ဦးႏွစ္ဖက္ညွိနႈိုင္းမႈေတြ၊ အျပန္အလွန္ စကားသံေတြ နားေထာင္ေပးတာမ်ိဳးေတြ သူ႕ဘက္ကိုယ့္ဘက္ ျပန္ငဲ့ၾကည့္တာမ်ိဳးေတြ အရမ္းလိုအပ္ပါတယ္။

ပိုက္ဆံက ဒုတိယနတ္ဘုရားဆိုေပမဲ့ ခ်စ္ျခင္းေမတၱာနဲ႔ တစ္ေယာက္ကို တစ္ေယာက္ဂရုစိုက္တာမ်ိဳးေတြ ယုတ္ေလ်ာ့လာတဲ့အခါမွာလည္း စိတ္ပ်က္၊ စိတ္ကုန္ျခင္းေတြ ျဖစ္လာနိုင္ပါတယ္။ တစ္ေနရာစီေဝးေနၾကတဲ့လူေတြဆို တစ္ေယာက္မ်က္နွာ တစ္ေယာက္ၾကည့္ၿပီး စကားေတြေျပာဖို႔ အခြင့္မသာေသးတဲ့အခ်ိန္ ‘ရင္ဘတ္ခ်င္းနီးေနဖို႔ပဲလိုတယ္။ အေပၚယံေတြလိုအပ္လို႔လား?’ ‘ဘယ္သူ႔အတြက္ ႀကိဳးစားေနတာလဲသိရဲ့သားနဲ႕’ ‘ခဏေလးပဲခြဲရမွာ ဒီခဏေလးေတာင္သည္းမခံနိုင္ဘူးလား’ ‘အနားမွာရွိၿပီးသား လူတစ္ေယာက္လို႔ သတ္မွတ္ၿပီးသားမို႕ လုပ္စရာရွိတာပဲလုပ္မယ္။’ ဒီစကားေတြကအေထာက္အကူျဖစ္သင့္သေလာက္ျဖစ္ေပမယ့္ ခ်စ္တယ္ဆိုတာကိုမေဖာ္ျပတတ္ရင္ ရင္ထဲကအစိုင္အခဲတစ္လံုးသည္ ဘယ္လိုမွၿပိဳပ်က္လာမွာမဟုတ္ပါဘူး။ ပုထုဇဥ္ လူသားေတြမို႔ ခံစားတတ္တဲ့ နွလံုးသားတစ္စံုက တဖ်ပ္ဖ်ပ္ခုန္ေနသေရြ႕ ၾကည္ႏူးေပ်ာ္ရႊင္ရတဲ့ ခံစားမႈမ်ိဳးလိုခ်င္ၾကမွာပါ။ ခ်စ္ေနရင္ၿပီးေရာ အခ်ိန္တန္ရင္ သူ႕ဘာသာသိလာလိမ့္မယ္ဆိုတာမ်ိဳး ေရွ႕ဆက္သြားေနမယ္ဆိုရင္ ျပင္ဆင္ခြင့္မရွိေလာက္ေတာ့မယ့္ ဆံုးရႈံးမႈေတြ၊ နာက်င္မႈေတြနဲ႔ ေပ်ာ္စရာဇာတ္သိမ္းဆိုတာလဲ ပံုျပင္သာသာျဖစ္သြားပါလိမ့္မယ္။

လူတစ္ေယာက္ဆီက လူတစ္ေယာက္မရွိမျဖစ္လိုအပ္ေနတာ ‘ခ်စ္ျခင္းေမတၱာ’ ပါ။ လက္ေဆာင္ပစၥည္း၊ပိုက္ဆံ၊ ဂုဏ္သိကၡာ ဒါေတြအားလံုးမရွိေသးတဲ႔ (သို႕) မရွိေတာ့တဲ့ေန႔တစ္ေန႔အထိ အတူလက္တြဲၿပီးအားေပးမယ့္ ေအးအတူပူအမွ် ခ်စ္သူတစ္ေယာက္ကို လိုအပ္တာပါ။ အေပၚယံဆိုေပမယ့္ ရွိရွိသမွ်အခ်ိန္ ဘာအလုပ္မွ မလုပ္နိုင္ဘဲ ဒီဂရုပဲ အျမဲစိုက္ေနရတာမ်ိဳး မဟုတ္ပါဘူး။ ေဝးေနသည့္တိုင္ေႏြးေထြးေနဆဲဆိုတဲ့ ခပ္ေသးေသးေလးတစ္ခုသာ လိုအပ္ပါတယ္။ ငါမရွိလည္း သူေနႏိုင္ပါတယ္ဆိုတဲ့ အသိတစ္ခုကို လက္ခံသြားတဲ့တစ္ေန႔ အဲ့ဒီတစ္ေန႕ဟာ တစ္သက္လံုး လက္တြဲျဖဳတ္လိုက္ဖို႔မေတြးခဲ့တဲ့လူက ေက်ာခိုင္းသြားမယ့္တစ္ေန႔ပါပဲ။ အခ်ိန္မွီျပင္ဆင္ႏိုင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)

# Unicode Version ျဖင့္ ဖတ္ပါ #
ချစ်သူရည်းစားရယ်လို့ဖြစ်လာရင် ပထမတစ်လနှစ်လလောက်က အဆင်ပြေပြေနဲ့ တုန်နေအောင်ချစ်ကြပြီး ၃,၄ လလောက်ကြာတော့ ကတောက်ကဆလေးတွေ စဖြစ်လာကြပြီလေ။ သဘောထားမတိုက်ဆိုင်တာတွေ၊ စိတ်ကောက်သဝန်တိုတာတွေ၊ ရစ်တာကိုမခံနိုင်တာမျိုးတွေ၊ ဂရုစိုက်မခံရလို့စိတ်ပျက်အားငယ်တာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ နှင်းဒီနေ့ဆွေးနွေးချင်တာလေးကတော့ ဂရုစိုက်ခံချင်ကြတဲ့လူတစ်ယောက်ရဲ့နေရာကနေ ဘယ်လိုခံစားချက်တွေရှိလဲဆိုတာနဲ့ ဘာကြောင့်ဂရုစိုက်ခံချင်တယ်ဆိုတဲ့ အကြောင်းလေးတွေဖြစ်ပါတယ်။

ဘာကြောင့်ဂရုစိုက်ခံချင်လဲမေးရင် အဖြေကအရမ်းရှင်းတယ်ရော်။ ချစ်လို့ပေါ့။ ဂရုစိုက်ခံချင်တယ်ဆိုတဲ့နေရာမှာလဲ ဟိုးတစ်ကယ့်သေးသေးပိစိကွေးကစ အရိပ်တကြည့်ကြည့် လိုက်ကြည့်ခိုင်းနေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုချစ်တဲ့လူတစ်ယောက်အနေနဲ့ ကိုယ်ဘာများလုပ်နေမလဲဆိုတဲ့ သိချင်စိတ်လေးတစ်ခု၊ ငါ့ကိုသတိရနေပါလားဆိုတဲ့အသိလေးတစ်ခုကို တောင့်တတာဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်ချစ်တဲ့လူကို ဆုံးရှုံးလိုက်ရမှာကြောက်တဲ့စိတ်က အနည်းနဲ့ အများတော့ ရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ်နဲ့အတူရှိမနေတဲ့အချိန်မှာ ဘယ်သူနဲ့များအတူရှိနေမှာလဲ? ဘယ်သူနဲ့ဘာတွေပြောနေလို့ ငါ့ကိုစကားလေးတောင်လာမပြောတာလဲဆိုတဲ့ စိတ်ခံစားမှုတွေက အရမ်းကိုခံရခက်ပြီး ပြောပြရခက်တဲ့ စိတ်အခြေအနေပါ။ ဘယ်သူမဆို အတိတ်က အခြေအနေတွေ ရှိကိုရှိခဲ့ကြမှာပါပဲ။ ထိုနည်းတူပဲ ဒီအခြေအနေတွေကို လက်မခံချင်လည်း အတင်းမေ့ပျောက်ပြီး ဟန်ကိုယ့်ဖို့နေလိုက်ရတဲ့ အခြေအနေတွေလဲအများကြီးရှိဦးမှာပါ။ ဒီဒဏ်ရာတွေအနာကျက်ဖို့၊ အားလုံးကိုလုံးဝမေ့ပျောက်လိုက်နိုင်ဖို့ဆိုတာ ကိုယ်တိုင်ကလဲရုန်းထွက်နိုင်ဖို့လိုအပ်သလို တစ်ဖက်လူရဲ့ ဂရုစိုက်မှုတွေကလဲ အရမ်းလိုအပ်ပါသေးတယ်။

အထူးသဖြင့် အရမ်းစိတ်ခံစားချက်ပြင်းထန်တဲ့လူမျိုးတွေမှာ လူမသိတဲ့သိမ်ငယ်စိတ်တစ်မျိုးရှိတတ်ပါတယ်။ မရှိသေးတဲ့အရာတစ်ခုကို ပုံဖော်နိုင်စွမ်းအရမ်းကောင်းတာမို့ မရှိသေးတဲ့အရာတစ်ခု၊ ဘယ်တော့မှ ဖြစ်မလာနိုင်လောက်မယ့်အရာတစ်ခုကို စလယ်ဆုံး တိတိကျကျပုံဖော်နိုင်ကြပါတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုမရှိကြတော့ တစ်ဦးတစ်ယောက်သတ်သတ်မှတ်မှတ်နဲ့ဖြစ်စေ၊ တခြားသူ့ဘေးမှာရှိတဲ့လူနဲ့ဖြစ်စေ စိတ်ချလက်ချ မနေနိုင်တာမျိုးပေါ့။ ‘မင်းက အလကားနေ ဒရာမာတွေချိုးနေတာကိုး’၊ ‘အလကားအလုပ်မဟုတ်တာကိုလိုက်ခံစားနေတာ’ ‘ပြီးခဲ့တာတွေကို ခဏခဏပြန်ဆွဲထုတ်ပြီး အသစ်ပြန်လုပ်နေတယ်’ ‘သူလည်း သူ့ဘာသာနေနေပြီကို ဘာကိစ္စနဲ့လိုက်လိုက်တူးဆွနေတာလဲ’။ ဒီစကားလုံးတွေက သူတို့တွေကို တခြားလူတွေက လက်ညှိုးထိုးကြတဲ့ စွဲချက်တွေပါ။ ဟုတ်ပြီ သူတို့ကဒီလိုစိတ်မျိုးတွေနဲ့ ခဏခဏပြဿနာရှာလို့ ငြီးငွေ့လာတယ်ဆိုရင် သူတို့အပေါ်ဒီလိုစိတ်မျိုးတွေဖြစ်လာအောင် ဘယ်အရာကတွန်းပို့ခဲ့သလဲ? ဘာတွေက သူ့ကို ဒီလိုတွေတွေးစေတာလဲ? စသည်ဖြင့်ပြန်ကြည့်ပေးစေချင်ပါတယ်။

အားနေတိုင်းသူ့စိတ်မှာ ဖြစ်သမျှလိုက်ရှင်းပေးနေရအောင် သူ့အုပ်ထိန်းသူမှ မဟုတ်တာဆိုပြီးတွေးမယ်ဆိုရင် ခံစားရတဲ့လူကလဲ ဘာသွေးတော်သားစပ်နေလို့ စိတ်ပူပြီးလိုက်ပြောနေမှာလဲ? ဖြစ်နေကျမို့ လက်လွတ်စပယ်ထားလိုက် ပြီးသွားမှာဆိုတာမျိုး မဖြစ်စေချင်တာပါ။ ဘာလို့လဲဆိုတော့ ဒီလိုလူမျိုးတွေက တော်ရုံတန်ရုံလောက်ဆို လူမသိလိုက်ဘဲ တိုးတိုးတိတ်တိတ်ဖြေရှင်းတတ်ပေမယ့် တကယ် သူတို့က ထုတ်ပြောလာပြီဆို ရင်ထဲစုလာတာ အရမ်းများသွားလို့ ပေါက်ကွဲထွက်လာတဲ့သဘောပါ။ ဒီလိုမျိုးတွေက လွှတ်ထားပေးပါလို့ပြောပေမယ့် တစ်ခါတစ်လေကျတော့ သူတို့ကိုယ်တိုင်ကလည်း မွန်းကြပ်တာအရမ်းများလာပြီး ထွက်ပေါက်လိုချင်တတ်ကြတဲ့လူတွေ၊ ဘေးကလူတွေထက်တောင် အရာရာကို ပေါ့ပေါ့ပါးပါးနဲ့ လွှတ်ချလိုက်ချင်တဲ့လူမျိုးတွေပါ။ ဒါကြောင့် တစ်ဖက်လူရဲ့စကားတစ်ခွန်း၊ အပြုအမူတစ်ခုဟာ သူ့အပေါ်အရမ်းကြီးသက်ရောက်မှု များပါတယ်။ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမှုတွေ၊ အပြန်အလှန် စကားသံတွေ နားထောင်ပေးတာမျိုးတွေ သူ့ဘက်ကိုယ့်ဘက် ပြန်ငဲ့ကြည့်တာမျိုးတွေ အရမ်းလိုအပ်ပါတယ်။

ပိုက်ဆံက ဒုတိယနတ်ဘုရားဆိုပေမဲ့ ချစ်ခြင်းမေတ္တာနဲ့ တစ်ယောက်ကို တစ်ယောက်ဂရုစိုက်တာမျိုးတွေ ယုတ်လျော့လာတဲ့အခါမှာလည်း စိတ်ပျက်၊ စိတ်ကုန်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ တစ်နေရာစီဝေးနေကြတဲ့လူတွေဆို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စကားတွေပြောဖို့ အခွင့်မသာသေးတဲ့အချိန် ‘ရင်ဘတ်ချင်းနီးနေဖို့ပဲလိုတယ်။ အပေါ်ယံတွေလိုအပ်လို့လား?’ ‘ဘယ်သူ့အတွက် ကြိုးစားနေတာလဲသိရဲ့သားနဲ့’ ‘ခဏလေးပဲခွဲရမှာ ဒီခဏလေးတောင်သည်းမခံနိုင်ဘူးလား’ ‘အနားမှာရှိပြီးသား လူတစ်ယောက်လို့ သတ်မှတ်ပြီးသားမို့ လုပ်စရာရှိတာပဲလုပ်မယ်။’ ဒီစကားတွေကအထောက်အကူဖြစ်သင့်သလောက်ဖြစ်ပေမယ့် ချစ်တယ်ဆိုတာကိုမဖော်ပြတတ်ရင် ရင်ထဲကအစိုင်အခဲတစ်လုံးသည် ဘယ်လိုမှပြိုပျက်လာမှာမဟုတ်ပါဘူး။ ပုထုဇဉ် လူသားတွေမို့ ခံစားတတ်တဲ့ နှလုံးသားတစ်စုံက တဖျပ်ဖျပ်ခုန်နေသရွေ့ ကြည်နူးပျော်ရွှင်ရတဲ့ ခံစားမှုမျိုးလိုချင်ကြမှာပါ။ ချစ်နေရင်ပြီးရော အချိန်တန်ရင် သူ့ဘာသာသိလာလိမ့်မယ်ဆိုတာမျိုး ရှေ့ဆက်သွားနေမယ်ဆိုရင် ပြင်ဆင်ခွင့်မရှိလောက်တော့မယ့် ဆုံးရှုံးမှုတွေ၊ နာကျင်မှုတွေနဲ့ ပျော်စရာဇာတ်သိမ်းဆိုတာလဲ ပုံပြင်သာသာဖြစ်သွားပါလိမ့်မယ်။

လူတစ်ယောက်ဆီက လူတစ်ယောက်မရှိမဖြစ်လိုအပ်နေတာ ‘ချစ်ခြင်းမေတ္တာ’ ပါ။ လက်ဆောင်ပစ္စည်း၊ပိုက်ဆံ၊ ဂုဏ်သိက္ခာ ဒါတွေအားလုံးမရှိသေးတဲ့ (သို့) မရှိတော့တဲ့နေ့တစ်နေ့အထိ အတူလက်တွဲပြီးအားပေးမယ့် အေးအတူပူအမျှ ချစ်သူတစ်ယောက်ကို လိုအပ်တာပါ။ အပေါ်ယံဆိုပေမယ့် ရှိရှိသမျှအချိန် ဘာအလုပ်မှ မလုပ်နိုင်ဘဲ ဒီဂရုပဲ အမြဲစိုက်နေရတာမျိုး မဟုတ်ပါဘူး။ ဝေးနေသည့်တိုင်နွေးထွေးနေဆဲဆိုတဲ့ ခပ်သေးသေးလေးတစ်ခုသာ လိုအပ်ပါတယ်။ ငါမရှိလည်း သူနေနိုင်ပါတယ်ဆိုတဲ့ အသိတစ်ခုကို လက်ခံသွားတဲ့တစ်နေ့ အဲ့ဒီတစ်နေ့ဟာ တစ်သက်လုံး လက်တွဲဖြုတ်လိုက်ဖို့မတွေးခဲ့တဲ့လူက ကျောခိုင်းသွားမယ့်တစ်နေ့ပါပဲ။ အချိန်မှီပြင်ဆင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top