Property Expo
×

ပဲခူးတိုင္းေဒသႀကီး၊ ေရႊေတာင္ၿမ္ိဳ႕နယ္ထဲက ေက်းရြာတရြာမွာ စာသင္ေက်ာင္း ၂ ေက်ာင္း ေက်ာင္းၿပိဳင္ဆိုင္မႈကို အေၾကာင္းျပဳၿပီး ေဒသခံေတြ ပဋိပကၡ ျဖစ္ေနပါတယ္။
ပဲခူးတိုင္းေဒသႀကီး၊ ေရႊေတာင္ၿမိဳ႕နယ္ထဲက ဧရာဝတီျမစ္ေဘးမွာရွိတဲ့ ကၽြန္းမီးေက်းရြာကေလးမွာ အရင္က စာသင္ေက်ာင္းမရွိဘဲ ေဒသခံေတြက ၁ အိမ္ကို ၄၀၀၀ က်ပ္ႏႈန္းစုၿပီး ၂၀၁၄ ခုႏွစ္မွာ ေက်ာင္းတေက်ာင္း တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

အဲဒီေနာက္ အလႉရွင္တဦးေၾကာင့္ ၂၀၁၆ ခုႏွစ္မွာ ရြာထဲက ေနာက္တေနရာမွာလည္း ေက်ာင္းတေက်ာင္း ျဖစ္လာခဲ့ၿပီး အဲဒီေက်ာင္းအသစ္အတြက္ မူလေက်ာင္းအေဟာင္းကေန လူခြဲၿပီး တက္ခိုင္းတာနဲ႔႔ ပတ္သက္လို႔ ေက်ာင္းသားမိဘေတြ အျငင္းပြား ျပႆနာတက္ေနၾကတာပါ။

ေက်ာင္းသားမိဘတဦးျဖစ္တဲ့ ေဒၚခင္ေအးမူက “အခုေတာ့ တေယာက္နဲ႔တေယာက္ စိတ္ဝမ္းေတြကဲြၾကရတယ္၊ ညီအမခ်င္းေတြလည္း စိတ္ဝမ္းေတြ ကြဲခဲ့ရတယ္။ အထက္က ပညာေရးဌာနက ခြဲခိုင္းတာပါဆိုၿပီး အတင္းအဓမၼခြဲသြားတာပါ” လို႔ ေျပာပါတယ္။

ေက်ာင္းက ၂ ေက်ာင္း ျဖစ္သြားေတာ့ ပထမေက်ာင္းေဟာင္းမွာ အရင္ကတည္းက တက္ေရာက္ေနသူေတြက အခက္အခဲအမ်ဳိးမ်ဳိးေၾကာင့္ ေက်ာင္းသစ္ကို မေျပာင္းခ်င္ၾကပါဘူး။

ေက်ာင္းသားမိဘတဦးျဖစ္သူ ေဒၚသန္းသန္းေဆြက “လက္ရွိ ၅ ေယာက္ ၁ တန္း သင္ေနပါတယ္။ ၉ လပိုင္း ၄ ရက္ေန႔ ေန႔ခင္း ၁ နာရီမွာ ဆရာမႀကီးက လာၿပီးေတာ့ ဟိုဘက္ရြာက ၄ ေယာက္ကို အတင္းခဲြသြားပါတယ္။ အဲေတာ့ က်မေျမးတေယာက္ကို ဟိုကိုလိုက္သင္ဖို႔ ေျပာပါတယ္။ က်မတို႔က တရားဝင္ေက်ာင္း မဟုတ္တဲ့အတြက္လည္း မထားႏိုင္ပါဘူး။ က်မေျမးကို ဘာကိစၥ တရား၀င္ေက်ာင္းမွာ မသင္ႏိုင္တာလဲဆုိၿပီးေတာ့ က်မ ေပါက္ကြဲပါတယ္” လုိ႔ ေျပာပါတယ္။

သူတို႔ ေက်ာင္းအသစ္ မေဆာက္ခင္ကတည္းက ရွိၿပီးသားေက်ာင္းကို တိုးခ်ဲ႕ေဆာက္ဖို႔ သြားေရာက္ညႇိႏိႈင္းခ့ဲၾကေပမယ့္ မရခဲ့ပါဘူး။

ေက်ာင္းအေဟာင္းအက်ဳိးေတာ္ေဆာင္ဥကၠ႒ ဦးေက်ာ္ျမင့္က “လက္ရွိအေျခအေနအရ ေက်ာင္း ၂ ေက်ာင္း ျဖစ္သြားပါတယ္။ ေက်ာင္း ၂ ေက်ာင္း ျဖစ္တဲ့အတြက္ မိသားစုေတြအားလံုး စိတ္ဝမ္းကြဲၾကပါတယ္။ တေယာက္နဲ႔တေယာက္ ရန္ခိုက္ေဒါသေတြ ျဖစ္လာတဲ့အခါမွာ ရာဇဝတ္မႈထိ က်ဴးလြန္သြားႏိုင္ပါတယ္။ အဲဒါေၾကာင့္မို႔ သက္ဆိုင္ရာဌာနကေန လာေရာက္ၾကည့္႐ႈၿပီး ေျဖရွင္းေပးေစခ်င္ပါတယ္” လုိ႔ ေျပာပါတယ္။

အခုေက်ာင္းသစ္ကုိ အလႉရွင္က ေဆာက္ေပးတာျဖစ္ၿပီး ေက်ာင္းေဟာင္းေနရာက ေျမနိမ့္လို႔ အခုေနရာမွာ အသစ္ေဆာက္လိုက္တာလို႔ ေက်ာင္းအသစ္ျဖစ္ေျမာက္ေရး ေကာ္မတီမွ ဦးသန္းေဌးက ရွင္းျပပါတယ္။

“ဘယ္လိုပဋိပကၡဆိုရင္ေတာ့ ႏွစ္ဝမ္းကဲြသြားတာေပါ့။ က်ေနာ္တုိ႔ဆီက ကေလးေတြက သြားတက္ေတာ့ ဟိုဘက္ေက်ာင္းက နင္တုိ႔ေက်ာင္းတက္ခ်င္ရင္ နင္တုိ႔ဘက္ နင္တုိ႔ျပန္ဆိုေတာ့ ဒီဘက္က ေက်ာင္းသားေတြကလည္း နီးစပ္ရာေက်ာင္းပဲ တက္လိုက္ရတယ္။”

ဒီကိစၥနဲ႔ပတ္သက္ၿပီး တာဝန္ရွိသူ ေရႊေတာင္ၿမိဳ႕နယ္ပညာေရးမႉး ေဒၚသန္းသန္းေဌးကို ဒီဗီြဘီက ေမးျမန္းရာမွာ သူက “ဒီကေလးေတြကို က်မတို႔က မိဘရဲ႕ဆႏၵအရ တက္ခ်င္တဲ့ဆီမွာ တက္လို႔ရတယ္။ ဒီဘက္က အလႉရွင္ဘက္ကလည္းပဲ တရားဝင္ျဖစ္သြားခဲ့ရင္ မိဘေတြဆႏၵအရ သူ႔ဘာသာ တက္ခ်င္တဲ့ဆီမွာ တက္လို႔ရတယ္။ မိဘေတြ ထားတဲ့ဆီမွာေပါ့။ ကေလးလည္း အၿငိဳးအေတးေတာ့ မရွိနဲ႔ေပါ့။ ကိုယ္နဲ႔အဆင္ေျပတဲ့ အပ္စပ္တဲ့ဆီမွာတက္လို႔ ေျပာထားတယ္” လို႔ ရွင္းျပပါတယ္။

မူလေက်ာင္းေဟာင္းက ႏိုင္ငံေတာ္က တရားဝင္အသိအမွတ္ျပဳထားတဲ့ ေက်ာင္းေျမေပၚမွာ ေဆာက္လုပ္ထားတာျဖစ္ၿပီး ပညာေရးဌာနက ဆရာ ၂ ဦး ခန္႔အပ္ထားပါတယ္။

ေက်ာင္းသစ္ကေတာ့ ႏိုင္ငံေတာ္ပိုင္ မဟုတ္ေသးတာေၾကာင့္ ဆရာအေနနဲ႔ ကိုယ့္ဘာသာကိုယ္ ငွားရမ္းရမွာလို႔ ေရႊေတာင္ၿမိဳ႕နယ္ ပညာေရးမႉးက ဆိုပါတယ္။

အခု ေက်ာင္းေဟာင္းကေလးက မူလြန္ေက်ာင္း ျဖစ္ၿပီး ေက်ာင္းသစ္မေဆာက္ခင္အထိ ေက်ာင္းသား ၃၂ ဦး ရွိပါတယ္။

ေက်ာင္းသား ၅၂ ဦး ျပည့္ရင္ မူလတန္းေက်ာင္းကေလးအျဖစ္ ရရွိမွာျဖစ္တာေၾကာင့္ သူတုိ႔က အခုလို ေက်ာင္းခဲြၿပီး လူေလ်ာ့သြားမွာကိုလည္း မလိုလားၾကပါဘူး။

အခုျဖစ္ေနတဲ့ ျပႆနာက တျဖည္းျဖည္း ႀကီးထြားလာခဲ့ကာ ရြာထဲမွာ မၾကာခဏ ျပႆနာေတြ၊ ခိုက္ရန္ျဖစ္ပြားမႈေတြအထိ ျဖစ္ေနၿပီး ႏိုင္ငံေတာ္က တာဝန္ရွိသူေတြက အားလံုး အဆင္ေျပေျပနဲ႔ ေျပလည္ေအာင္ ေျဖရွင္းေပးဖို႔ ေဒသခံေတြက လိုလားေနၾကပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

#Unicode Version
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်ြမို့နယ်ထဲက ကျေးရွာတရွာမှာ စာသင်ကျောင်း ၂ ကျောင်း ကျောင်းပြိုင်ဆိုင်မှုကို အကြောင်းပြုပြီး ဒေသခံတွေ ပဋိပက္ခ ဖြစ်နေပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်ထဲက ဧရာဝတီမြစ်ဘေးမှာရှိတဲ့ ကျွန်းမီးကျေးရွာကလေးမှာ အရင်က စာသင်ကျောင်းမရှိဘဲ ဒေသခံတွေက ၁ အိမ်ကို ၄၀၀၀ ကျပ်နှုန်းစုပြီး ၂၀၁၄ ခုနှစ်မှာ ကျောင်းတကျောင်း တည်ဆောက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် အလှူရှင်တဦးကြောင့် ၂၀၁၆ ခုနှစ်မှာ ရွာထဲက နောက်တနေရာမှာလည်း ကျောင်းတကျောင်း ဖြစ်လာခဲ့ပြီး အဲဒီကျောင်းအသစ်အတွက် မူလကျောင်းအဟောင်းကနေ လူခွဲပြီး တက်ခိုင်းတာနဲ့ ပတ်သက်လို့ ကျောင်းသားမိဘတွေ အငြင်းပွား ပြဿနာတက်နေကြတာပါ။

ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်ခင်အေးမူက “အခုတော့ တယောက်နဲ့တယောက် စိတ်ဝမ်းတွေကွဲကြရတယ်၊ ညီအမချင်းတွေလည်း စိတ်ဝမ်းတွေ ကွဲခဲ့ရတယ်။ အထက်က ပညာရေးဌာနက ခွဲခိုင်းတာပါဆိုပြီး အတင်းအဓမ္မခွဲသွားတာပါ” လို့ ပြောပါတယ်။

ကျောင်းက ၂ ကျောင်း ဖြစ်သွားတော့ ပထမကျောင်းဟောင်းမှာ အရင်ကတည်းက တက်ရောက်နေသူတွေက အခက်အခဲအမျိုးမျိုးကြောင့် ကျောင်းသစ်ကို မပြောင်းချင်ကြပါဘူး။

ကျောင်းသားမိဘတဦးဖြစ်သူ ဒေါ်သန်းသန်းဆွေက “လက်ရှိ ၅ ယောက် ၁ တန်း သင်နေပါတယ်။ ၉ လပိုင်း ၄ ရက်နေ့ နေ့ခင်း ၁ နာရီမှာ ဆရာမကြီးက လာပြီးတော့ ဟိုဘက်ရွာက ၄ ယောက်ကို အတင်းခွဲသွားပါတယ်။ အဲတော့ ကျမမြေးတယောက်ကို ဟိုကိုလိုက်သင်ဖို့ ပြောပါတယ်။ ကျမတို့က တရားဝင်ကျောင်း မဟုတ်တဲ့အတွက်လည်း မထားနိုင်ပါဘူး။ ကျမမြေးကို ဘာကိစ္စ တရားဝင်ကျောင်းမှာ မသင်နိုင်တာလဲဆိုပြီးတော့ ကျမ ပေါက်ကွဲပါတယ်” လို့ ပြောပါတယ်။

သူတို့ ကျောင်းအသစ် မဆောက်ခင်ကတည်းက ရှိပြီးသားကျောင်းကို တိုးချဲ့ဆောက်ဖို့ သွားရောက်ညှိနှိုင်းခဲ့ကြပေမယ့် မရခဲ့ပါဘူး။

ကျောင်းအဟောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးကျော်မြင့်က “လက်ရှိအခြေအနေအရ ကျောင်း ၂ ကျောင်း ဖြစ်သွားပါတယ်။ ကျောင်း ၂ ကျောင်း ဖြစ်တဲ့အတွက် မိသားစုတွေအားလုံး စိတ်ဝမ်းကွဲကြပါတယ်။ တယောက်နဲ့တယောက် ရန်ခိုက်ဒေါသတွေ ဖြစ်လာတဲ့အခါမှာ ရာဇဝတ်မှုထိ ကျူးလွန်သွားနိုင်ပါတယ်။ အဲဒါကြောင့်မို့ သက်ဆိုင်ရာဌာနကနေ လာရောက်ကြည့်ရှုပြီး ဖြေရှင်းပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

အခုကျောင်းသစ်ကို အလှူရှင်က ဆောက်ပေးတာဖြစ်ပြီး ကျောင်းဟောင်းနေရာက မြေနိမ့်လို့ အခုနေရာမှာ အသစ်ဆောက်လိုက်တာလို့ ကျောင်းအသစ်ဖြစ်မြောက်ရေး ကော်မတီမှ ဦးသန်းဌေးက ရှင်းပြပါတယ်။

“ဘယ်လိုပဋိပက္ခဆိုရင်တော့ နှစ်ဝမ်းကွဲသွားတာပေါ့။ ကျနော်တို့ဆီက ကလေးတွေက သွားတက်တော့ ဟိုဘက်ကျောင်းက နင်တို့ကျောင်းတက်ချင်ရင် နင်တို့ဘက် နင်တို့ပြန်ဆိုတော့ ဒီဘက်က ကျောင်းသားတွေကလည်း နီးစပ်ရာကျောင်းပဲ တက်လိုက်ရတယ်။”

ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူ ရွှေတောင်မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးကို ဒီဗွီဘီက မေးမြန်းရာမှာ သူက “ဒီကလေးတွေကို ကျမတို့က မိဘရဲ့ဆန္ဒအရ တက်ချင်တဲ့ဆီမှာ တက်လို့ရတယ်။ ဒီဘက်က အလှူရှင်ဘက်ကလည်းပဲ တရားဝင်ဖြစ်သွားခဲ့ရင် မိဘတွေဆန္ဒအရ သူ့ဘာသာ တက်ချင်တဲ့ဆီမှာ တက်လို့ရတယ်။ မိဘတွေ ထားတဲ့ဆီမှာပေါ့။ ကလေးလည်း အငြိုးအတေးတော့ မရှိနဲ့ပေါ့။ ကိုယ်နဲ့အဆင်ပြေတဲ့ အပ်စပ်တဲ့ဆီမှာတက်လို့ ပြောထားတယ်” လို့ ရှင်းပြပါတယ်။

မူလကျောင်းဟောင်းက နိုင်ငံတော်က တရားဝင်အသိအမှတ်ပြုထားတဲ့ ကျောင်းမြေပေါ်မှာ ဆောက်လုပ်ထားတာဖြစ်ပြီး ပညာရေးဌာနက ဆရာ ၂ ဦး ခန့်အပ်ထားပါတယ်။

ကျောင်းသစ်ကတော့ နိုင်ငံတော်ပိုင် မဟုတ်သေးတာကြောင့် ဆရာအနေနဲ့ ကိုယ့်ဘာသာကိုယ် ငှားရမ်းရမှာလို့ ရွှေတောင်မြို့နယ် ပညာရေးမှူးက ဆိုပါတယ်။

အခု ကျောင်းဟောင်းကလေးက မူလွန်ကျောင်း ဖြစ်ပြီး ကျောင်းသစ်မဆောက်ခင်အထိ ကျောင်းသား ၃၂ ဦး ရှိပါတယ်။

ကျောင်းသား ၅၂ ဦး ပြည့်ရင် မူလတန်းကျောင်းကလေးအဖြစ် ရရှိမှာဖြစ်တာကြောင့် သူတို့က အခုလို ကျောင်းခွဲပြီး လူလျော့သွားမှာကိုလည်း မလိုလားကြပါဘူး။

အခုဖြစ်နေတဲ့ ပြဿနာက တဖြည်းဖြည်း ကြီးထွားလာခဲ့ကာ ရွာထဲမှာ မကြာခဏ ပြဿနာတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေအထိ ဖြစ်နေပြီး နိုင်ငံတော်က တာဝန်ရှိသူတွေက အားလုံး အဆင်ပြေပြေနဲ့ ပြေလည်အောင် ဖြေရှင်းပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top