Property Expo
×

 လူသတ္မႈ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားသည့္အတြက္ ေတာ္ဝင္မင္းသားတစ္ပါးကို ေသဒဏ္စီရင္ခဲ့ေၾကာင္း
 ေဆာ္ဒီအာေရးဘီးယား အစိုးရက သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါ မင္းသားသည္ ေဆာ္ဒီႏုိင္ငံသားတစ္ဦးကို ေသနတ္ျဖင့္ ပစ္သတ္သည့္အတြက္ ျပစ္မႈထင္ရွားေၾကာင္း ေဖာ္ထုတ္ ေတြ႕ရွိသည့္ေနာက္ ရီယတ္ဒ္ၿမိဳ႕ေတာ္တြင္ ေအာက္တိုဘာ ၁၈ ရက္က ကြပ္မ်က္ခံခဲ့ရေၾကာင္း ေဆာ္ဒီအစိုးရပိုင္ သတင္းဌာနမ်ားက ေၾကညာခဲ့သည္။

ဘုရင္စနစ္ျဖင့္ အုပ္ခ်ဳပ္ေနသည့္ ေဆာ္ဒီတြင္ မင္းညီမင္းသားတစ္ပါးကို ရာဇဝတ္ေၾကာင္း စြပ္စြဲခ်က္ျဖင့္ ယခုလို အျမင့္ဆံုးျပစ္ဒဏ္ စီရင္မႈသည္ ရွားရွားပါးပါး အေျခအေနတစ္ရပ္လည္း ျဖစ္သည္။

မင္းသား တာကီဘင္ ဆာ့ဒ္အယ္လ္ကာဘားသည္ ရန္ပြဲတစ္ခု အၿပီးတြင္ အဒဲလ္အယ္လ္ မိုဟိုင္မိဒ္အမည္ရွိ အမ်ိဳးသားကို ေသနတ္ျဖင့္ ပစ္သတ္ခဲ့ေၾကာင္း ျပစ္မႈ ထင္ရွားသျဖင့္ ေသဒဏ္စီရင္ျခင္း ခံခဲ့ရေၾကာင္း ျပည္ထဲေရး ဝန္ႀကီးဌာနကလည္း ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ေၾကညာခ်က္တြင္ မင္းသားကို မည္သည့္နည္းလမ္းျဖင့္ ေသဒဏ္စီရင္သည္ ဆိုျခင္းကိုမူ ေဖာ္ျပမထားေခ်။ ေဆာ္ဒီတြင္ ေသဒဏ္စီရင္မႈအမ်ားစုကို ေခါင္းျဖတ္ကြပ္မ်က္သည့္ နည္းလမ္း အသံုးျပဳေလ့ရွိသည္။

ေဆာ္ဒီတြင္ ေတာ္ဝင္မိသားစုဝင္မ်ားကို ေသဒဏ္စီရင္သည့္ ျပစ္ဒဏ္ခ်မွတ္မႈမ်ိဳးမွာ အလြန္ရွားပါးသည့္ အေျခအေနတစ္ရပ္ျဖစ္သည္။ ထင္ရွားသည့္ ျဖစ္ရပ္တစ္ခုမွာမူ ၁၉၇၅ တြင္ ဦးရီးေတာ္ ဘုရင္ဖိုင္ဆယ္လ္ကို လုပ္ႀကံမႈျဖင့္ မင္းသား ဖုိင္ဆယ္လ္ဘင္ မူဆာ့ဒ္ အယ္လ္ဆာ့ဒ္ကို ေသဒဏ္ ခ်မွတ္ခဲ့ဖူးသည္။

ေဆာ္ဒီတြင္ ေတာ္ဝင္ေသြးအျဖစ္ မွတ္ယူႏုိင္သည့္ မင္းညီမင္းသား၊ မင္းသမီး ေထာင္ဂဏန္း အနည္းငယ္မွ်ထိ မ်ားျပားစြာ ရွိေနၿပီး ၎တို႔သည္ အစိုးရ၏ ပံုမွန္ ေငြေၾကးေထာက္ပံ့မႈကို ခံစားခြင့္ ရၾကသည္။ နန္းေတာ္၏ အေရးအပါဆံုး၊ စီနီယာအက်ဆံုး မင္းညီမင္းသားမ်ားမွာ ပိုမိုႂကြယ္ဝ ခ်မ္းသာသလို ႏုိင္ငံေရး အာဏာမ်ားကိုပါ ရရွိၾကသည္။ သို႔ေသာ္ အစိုးရ၏ အေရးအပါဆံုး ရာထူးေနရာမ်ားကို ခ်ဳပ္ကိုင္ထားႏုိင္သည့္ မင္းညီမင္းသား ဦးေရမွာ မိသားစုဝင္ အားလံုးႏွင့္ ယွဉ္ပါက အနည္းအက်ဉ္းမွ်သာ ရွိေနသည္။

“အစိုးရ အေနနဲ႔ တရားဥပေဒ စိုးမိုးေရး၊ လံုၿခံဳေရး၊ တည္ၿငိမ္ေအးခ်မ္းေရး ရည္မွန္းခ်က္ေတြကို ထိန္းသိမ္းထားၿပီး တရားဥပေဒ စိုးမိုးေရးအတြက္ ဘုရားသခင္ရဲ႕ အလိုေတာ္က် သတ္မွတ္ထားတဲ့ စည္းမ်ဉ္းေတြအတိုင္း အခုအမႈမွာ စီရင္ဆံုးျဖတ္ေစခဲ့တာ ျဖစ္ပါတယ္”ဟု ျပည္ထဲေရး ဝန္ႀကီးဌာန ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 လူသတ်မှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် တော်ဝင်မင်းသားတစ်ပါးကို သေဒဏ်စီရင်ခဲ့ကြောင်း ဆော်ဒီအာရေးဘီးယား အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မင်းသားသည် ဆော်ဒီနိုင်ငံသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်သည့်အတွက် ပြစ်မှုထင်ရှားကြောင်း ဖော်ထုတ် တွေ့ရှိသည့်နောက် ရီယတ်ဒ်မြို့တော်တွင် အောက်တိုဘာ ၁၈ ရက်က ကွပ်မျက်ခံခဲ့ရကြောင်း ဆော်ဒီအစိုးရပိုင် သတင်းဌာနများက ကြေညာခဲ့သည်။

ဘုရင်စနစ်ဖြင့် အုပ်ချုပ်နေသည့် ဆော်ဒီတွင် မင်းညီမင်းသားတစ်ပါးကို ရာဇဝတ်ကြောင်း စွပ်စွဲချက်ဖြင့် ယခုလို အမြင့်ဆုံးပြစ်ဒဏ် စီရင်မှုသည် ရှားရှားပါးပါး အခြေအနေတစ်ရပ်လည်း ဖြစ်သည်။

မင်းသား တာကီဘင် ဆာ့ဒ်အယ်လ်ကာဘားသည် ရန်ပွဲတစ်ခု အပြီးတွင် အဒဲလ်အယ်လ် မိုဟိုင်မိဒ်အမည်ရှိ အမျိုးသားကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် သေဒဏ်စီရင်ခြင်း ခံခဲ့ရကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ကြေညာချက်တွင် မင်းသားကို မည်သည့်နည်းလမ်းဖြင့် သေဒဏ်စီရင်သည် ဆိုခြင်းကိုမူ ဖော်ပြမထားချေ။ ဆော်ဒီတွင် သေဒဏ်စီရင်မှုအများစုကို ခေါင်းဖြတ်ကွပ်မျက်သည့် နည်းလမ်း အသုံးပြုလေ့ရှိသည်။

ဆော်ဒီတွင် တော်ဝင်မိသားစုဝင်များကို သေဒဏ်စီရင်သည့် ပြစ်ဒဏ်ချမှတ်မှုမျိုးမှာ အလွန်ရှားပါးသည့် အခြေအနေတစ်ရပ်ဖြစ်သည်။ ထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာမူ ၁၉၇၅ တွင် ဦးရီးတော် ဘုရင်ဖိုင်ဆယ်လ်ကို လုပ်ကြံမှုဖြင့် မင်းသား ဖိုင်ဆယ်လ်ဘင် မူဆာ့ဒ် အယ်လ်ဆာ့ဒ်ကို သေဒဏ် ချမှတ်ခဲ့ဖူးသည်။

ဆော်ဒီတွင် တော်ဝင်သွေးအဖြစ် မှတ်ယူနိုင်သည့် မင်းညီမင်းသား၊ မင်းသမီး ထောင်ဂဏန်း အနည်းငယ်မျှထိ များပြားစွာ ရှိနေပြီး ၎င်းတို့သည် အစိုးရ၏ ပုံမှန် ငွေကြေးထောက်ပံ့မှုကို ခံစားခွင့် ရကြသည်။ နန်းတော်၏ အရေးအပါဆုံး၊ စီနီယာအကျဆုံး မင်းညီမင်းသားများမှာ ပိုမိုကြွယ်ဝ ချမ်းသာသလို နိုင်ငံရေး အာဏာများကိုပါ ရရှိကြသည်။ သို့သော် အစိုးရ၏ အရေးအပါဆုံး ရာထူးနေရာများကို ချုပ်ကိုင်ထားနိုင်သည့် မင်းညီမင်းသား ဦးရေမှာ မိသားစုဝင် အားလုံးနှင့် ယှဉ်ပါက အနည်းအကျဉ်းမျှသာ ရှိနေသည်။

“အစိုးရ အနေနဲ့ တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး ရည်မှန်းချက်တွေကို ထိန်းသိမ်းထားပြီး တရားဥပဒေ စိုးမိုးရေးအတွက် ဘုရားသခင်ရဲ့ အလိုတော်ကျ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း အခုအမှုမှာ စီရင်ဆုံးဖြတ်စေခဲ့တာ ဖြစ်ပါတယ်”ဟု ပြည်ထဲရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။


ဖိုးသူတော် (www.phothutaw.com)

Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top