Property Expo
×

ဆံမြိတ်တွေမညှပ်ခင်မှာ အချိန်ပေးစဉ်းစားခြင်းဟာ ကောင်းသော အလေ့အထ တစ်ခု ဖြစ်ပါတယ်။

ရှေ့ဆံမြိတ်ညှပ်ပြီးမှ ငိုချင်သလိုဖြစ်ရတဲ့ အမျိုးသမီးအရေအတွက်ဟာ မနည်းလှပါဘူး။ အမှန်တကယ်အားဖြင့် ဆံမြိတ်တွေဟာ မျက်နှာကို ဘောင်ခတ်ပြီးသား ဖြစ်စေသလို အချို့သော မျက်နှာပေါ်က အပြစ်အနာ အဆာတွေဖြစ်တဲ့ နှာဖူးပေါ်က အရေးအကြောင်းတွေကို ဖုံးကွယ်ပေးနိုင်ပေမယ့် လူတိုင်းနဲ့တော့ မလိုက်ဖက်ပါဘူး။ ရှေ့ဆံပင်တွေကို ဆံမြိတ်ညှပ်လိုက်တဲ့အခါ သွားစရာလာစရာရှိရင် ဗြုန်းဒိုင်းထသွားလို့မရနိုင်ဘဲ နေ့စဉ်နေ့တိုင်း ပြုပြင်ပေးနေရမယ့်အချက်လည်း ရှိပါတယ်။ ဒါ့ကြောင့် ဆံမြိတ်မညှပ်ခင်မှာ အောက်ပါအချက်တွေကို စဉ်းစားကြည့်ခြင်းအားဖြင့် သင်တကယ်လိုချင်တဲ့အရာကို သိရှိနိုင်ပါလိမ့်မယ်။

၁.အချိန်ပိုပေးရခြင်း။

လူအများစုဟာ သူတို့ရဲ့ဆံမြိတ်တွေကို သူ့ဖြစ်နေတဲ့ပုံစံအတိုင်း ထားတာ မကြိုက်တတ်ကြပါဘူး။ အများအားဖြင့် ဆံမြိတ်တွေဟာ ပုံမသွင်းဘဲထားတဲ့အခါ ပုံပန်းမကျဖြစ်နေတတ်ပြီး လူအများစုဟာလည်း ဒီနေရာမှာ တူညီနေတတ်ပါတယ်။ တကယ်လို့ သင့်မှာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်း အလိုလိုဖြစ်နေတဲ့ ဆံမြိတ်မျိုးပိုင်ဆိုင်ထားရင်တော့ အလွန်ကံကောင်းတယ်လို့ ဆိုရမှာပါ။ ကျန်တဲ့သူများအတွက်ကတော့ ဆံမြိတ်ညှပ်မယ်လို့ စဉ်းစားလိုက်တဲ့အခါ မှန်ရှေ့မှာထိုင်ပြီး အချိန်ကုန် ပင်ပန်းခံ ပုံသွင်းရမယ့်အချက်ကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။

၂.မျက်နှာကျပုံစံ

သင်ငမ်းငမ်းတက် လိုချင်နေတဲ့ ဆံမြိတ်ပုံစံကို ပိုင်ဆိုင်ထားသူရဲ့ မျက်နှာကျပုံစံဟာ သင့်မျက်နှာကျနဲ့ တူညီချင်မှ တူညီနိုင်ပါလိမ့်မယ်။ သင့်ကိုညှပ်ပေးမယ့် stylist ဟာ သင့်မျက်နှာကျနဲ့ လိုက်ဖက်စေဖို့ တစ်ချို့သော နေရာတွေကို ညှိပေးနိုင်မှ အဆင်ပြေပါလိမ့်မယ်။ ယေဘူယျအားဖြင့် မျက်နှာသေးတဲ့သူတွေအတွက် အတိပုံစံဆံမြိတ်က လိုက်ဖက်ပြီး ကျဲကျဲပါးပါး ဘေးခွဲမကျတကျ ပုံစံလေးကတော့ အသည်းပုံ မျက်နှာပိုင်ရှင်တွေနဲ့ လိုက်ဖက်ပါတယ်။ ဘေးခွဲလည်းလုပ်နိုင်တဲ့ ဆံမြိတ်အရှည်ပုံစံမျိုးကတော့ လူတိုင်းနီးပါးနဲ့ လိုက်ဖက်ပါတယ်။

၃.မကြာခဏတိပေးဖို့လိုခြင်း။

သင့်ရှေ့ဆံမြိတ်တွေဟာ ဘယ်လောက်မြန်မြန် ရှည်လာသလဲဆိုတာ သင့်ကို အံ့သြစေနိုင်ပါလိမ့်မယ်။ အဓိပ္ပာယ်ကတော့ ပုံမှန် တိပေးနေဖို့ လိုအပ်တယ်ဆိုပါပဲ။ သင်ဟာ ယခုမှ ဆံမြိတ်စထားဖူးမယ့်သူဆိုရင်တော့ ပုံမှန်ဆံပင်တိတာကို stylist နဲ့ပဲလုပ်ဖို့ အကြံပေးချင်ပါတယ်။ အဲ့လိုမဟုတ်လို့ ကိုယ့်ဘာသာ အတွေ့အကြုံရှိပြီးသား ကျွမ်းကျင်တယ်ဆိုရင်လည်း အိမ်မှာပဲ တိပေးလို့ ရပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ပုံစံလေးအတိုင်း ရရှိနေစေဖို့ နှစ်ပတ်လျှင် တစ်ကြိမ်ခန့် ဆံပင်တိပေးရပါလိမ့်မယ်။

၎.ဆံပင်အမျိုးအစား

ဆံမြိတ်ဆံပင်ပုံစံတွေဟာ များသောအားဖြင့် လူတိုင်းနဲ့ လိုက်ဖက်ပေမယ့်လည်း သင်လိုချင်တဲ့ ပုံစံအတိအကျကတော့ သင့်ဆံပင်အမျိုးအစား၊ တစ်နည်းအားဖြင့် ဆံသားနဲ့ သက်ဆိုင်ပါတယ်။ ဆံပင်ပါးသူတွေဟာ ဆံမြိတ်ချခြင်းအားဖြင့် ဆံပင်အုံ ပိုထူသယောင်ထင်ရစေတဲ့အတွက် ခေါင်းအနောက်ဘက်က ဆံပင်တွေကို ပုံသွင်းနိုင်ဖို့ စဉ်းစားချိန်ပိုရနိုင်ပါလိမ့်မယ်။ ဆံပင်အုံထူတဲ့သူတွေအနေနဲ့ကတော့ ပုံမှန်ထက် အနည်းငယ်ပိုရှည်တဲ့ ဆံမြိတ်ပုံစံမျိုးကို ရွေးချယ်သင့်ပါတယ်။ ဒီနည်းလမ်းနဲ့ ထူခဲလွန်းတဲ့ ဆံပင်အုံကြီးကို အမြင်ပြောင်းစေနိုင်ပြီး သင်နှစ်သက်တဲ့ ဘယ်လိုစတိုင်လ်မျိုးကိုမဆို ပုံသွင်းရယူနိုင်ပါလိမ့်မယ်။

၅.ကိရိယာတန်ဆာပလာများ လိုအပ်ခြင်း။

ဆံမြိတ်ထားခြင်းအားဖြင့် သင်နှစ်သက်တဲ့ ဆံပင်စတိုင်လ်ရရှိစေဖို့ ပုံသွင်းနိုင်မယ့် ကိရိယာတန်ဆာပလာတွေလည်း လက်ဝယ်ရှိထားရမှာ ဖြစ်ပါတယ်။ အချို့သော ဆံသားကျွမ်းကျင်ပညာရှင်များကတော့ ဆံမြိတ်တွေကို ဖြောင့်ထားပြီးနောက်နေ့မှာ ဖြောင့်စက်အသုံးပြုခြင်းကို တားမြစ်ထားပါတယ်။ ဖြောင့်စက်သုံးမယ့်အစား ခေါင်းဖြီးဘရပ်ရှ်နဲ့ dryer ကိုသုံးပြီး ဖြောင့်စင်းပြီး ပုံကျသပ်ရပ်တဲ့ ဆံမြိတ်တွေကို ဖန်တီးနိုင်ပါတယ်။ လိုချင်တဲ့ပုံစံရရှိဖို့ အပူတွေသုံးပြီး ပုံသွင်းရတာဖြစ်တဲ့အတွက် ဆံသားပျက်စီးတာနဲ့ အဖျားနှစ်ခွဖြစ်တာတွေကို ကာကွယ်ဖို့ အပူခံဆေး (heat styling cream)ကို ပုံမသွင်းခင် လိမ်းထားဖို့တော့ အထူးလိုအပ်ပါတယ်။

၆.Accessories

ဆံမြိတ်ထားခြင်းဟာ အလုံးစုံသစ်လွင်သော ဆံပင်ပုံသွင်းခြင်းစည်းမျဉ်းတွေကို လက်ခံရခြင်းပဲ ဖြစ်ပါတယ်။ ဆံမြိတ်တွေကို အပေါ်လှန်တင်ထားချင်တဲ့အခါ သေသပ်လှပတဲ့ ဆံပင်စတိုင်လ်ဖြစ်စေဖို့အတွက် လှပချစ်စရာကောင်းတဲ့ hair accessories တွေကို လိုအပ်ပါလိမ့်မယ်။ ဆံမြိတ်ချထားချင်တဲ့အခါဖြစ်စေ၊ အပေါ်လှန်တင်ထားချင်တဲ့အခါဖြစ်စေ ကလစ်၊ဘီးကုတ်၊ ခေါင်းစည်းကြိုးလှလှလေးတွေ အသုံးပြုပြီး အမျိုးစုံတဲ့ ဆံပင်စတိုင်လ်တွေကို တစ်နေ့တစ်မျိုး မရိုးရအောင် ဖန်တီးယူနိုင်ပါတယ်။

၇.ထင်မြင်ချက်များ

ပာခဲ့ပြီးသားဖြစ်ပေမယ့် နောက်တစ်ခေါက် သေချာအောင် အကြံပေးချင်တာကတော့ ဆံမြိတ်ညှပ်မယ်လို့ ဆုံးဖြတ်တဲ့အခါ မိမိဆန္ဒကို သေချာစွာသိရှိဖို့ လိုအပ်သလို တစ်ခြားတစ်ယောက်ရဲ့ အထင်အမြင်၊ ဝေဖန်မှုကြောင့်လည်း လက်လျှော့လိုက်တာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ်အမှန်တကယ် လိုချင်ပြင်းပြနေတယ်ဆိုရင်တော့ အဲ့ဒီ့ဆံပင်ပုံစံကို ပြောင်းလဲဖို့ အပြည့်အ၀ ထောက်ခံအကြံပေးလိုပါတယ်။ ဆုံးဖြတ်ချက်ချရာမှာ သူတစ်ပါးရဲ့ ထင်မြင်မှုတွေကို နားယောင်ဖို့ မလိုအပ်ပေမယ့် မဆုံးဖြတ်ရသေးခင်မှာတော့ တစ်ခြားသူတွေရဲ့ ထင်မြင်ချက်ကို ကြိုတင်သိရှိထားရရင်လည်း တစ်မျိုးကောင်းပါတယ်။ သို့မှသာ သင်ပြောင်းလဲချင်တဲ့ ဆံပင်ပုံစံကို သူများတွေ သဘောကျနိုင်ချေရှိ၊မရှိကို ခန့်မှန်းနိုင်မှာပါ။ သိပ်သောကတော့ မရောက်စေချင်ပါဘူး။ ဆံပင်တွေဟာ သင့်ကိုယ်ပိုင် ဖြစ်လို့ပါပဲ။

လှပတဲ့ ဆံပင်နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit:Chelmo Team
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top