Property Expo
×

ထိုင်းနိုင်ငံတွင် ပတ်စ်ပို့အတု တရားမဝင် ပြုလုပ်သည့် နေရာတစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းရာမှ အပိုင်းပိုင်း ခုတ်ထစ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားသည့် အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့တော်တွင် ပြုလုပ်သည့် စစ်ဆင်ရေးအတွက် သေနတ်များ၊ မူးယစ်ဆေးဝါးများကိုပါ သီးခြား သိမ်းဆည်းရမိခဲ့သည်။ ရဲတပ်ဖွဲ့က ယခုလို သတ်ဖြတ်ခြင်း ခံထားရသည့် အမျိုးသားမှာ မည်သူမည်ဝါမှန်း မဖော်ထုတ်နိုင်သေးဟု ဆိုသည်။ ၎င်းသည် ပတ်စ်ပို့အတု ပြုလုပ်သည့် လုပ်ငန်းများနှင့် ဆက်နွှယ်မှု ရှိသူတစ်ဦးဟု ရဲများက ကနဦး ယူဆထားသည်။

ယခုသီတင်းပတ်အတွင်း ပြုလုပ်သော စစ်ဆင်ရေးတွင် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ပြီး ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့သည်။ ရဲများက နိုင်ငံခြားသား ၅ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဆိုသည်။ ဖာရာခါနွန် ရပ်ကွက်ထဲရှိ တိုက်ခန်းတစ်ခုထဲတွင် ပတ်စ်ပို့အတု အများအပြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရဲများက ပြောကြားခဲ့သည်။

ဘန်ကောက်ရဲတပ်ဖွဲ့က ၎င်းတို့ ဖမ်းဆီးထားသူ ၅ ဦးတွင် အင်္ဂလိပ်စကားပြောသည့် နိုင်ငံခြားသား သုံးဦး၊ မြန်မာ အိမ်အကူ အမျိုးသမီး တစ်ဦးနှင့် သူမ၏ ခင်ပွန်းတို့ ပါဝင်ကြောင်း ဆိုသည်။ ထိုင်းသတင်းဌာန အချို့က အင်္ဂလိပ်စကားပြော နိုင်ငံခြားသားများတွင် အမေရိကန်နှင့် ဗြိတိသျှများ ပါဝင်သည်ဟု ဖော်ပြသော်လည်း ရဲတပ်ဖွဲ့က အတည်မပြုခဲ့ချေ။

သေဆုံးနေသူမှာ ရွှေရောင်ဆံပင်နှင့် နိုင်ငံခြားသား တစ်ဦးဖြစ်ပြီး ရေခဲသေတ္တာ အောက်ဆုံးအဆင့်တွင် ခြောက်ပိုင်းပိုင်း ဖြတ်တောက်ကာ အိတ်အမည်း တစ်လုံးဖြင့် ထည့်ထားခြင်းဟု သိရသည်။ ရဲများက မီးခံသေတ္တာ တစ်လုံးကို စစ်ဆေးစဉ် နိုင်ငံခြားသားများက စတင်ပစ်ခတ်ပြီး အရာရှိတစ်ဦး ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ လတ်တလောတွင် ဘန်ကောက် အနောက်တောင်ပိုင်းရှိ ရဲစခန်းတွင် သံသယ တရားခံများကို စစ်ဆေးနေကြောငး သိရသည်။

ထိုင်းတွင် ပတ်စ်ပို့များ ခိုးယူခြင်း၊ အတုပြုလုပ်ခြင်းတို့သည် တွင်ကျယ်သည့် ဒုစရိုက်လုပ်ငန်း တစ်ခုသဖွယ် ရှိနေသည်။ အဆိုပါ လုပ်ငန်းများသည် လွန်ခဲ့သည့် ၂ နှစ်က MH370 လေယာဉ် ပျောက်ဆုံးမှု အပြီးတွင် ပိုမိုထင်ရှား မြင်သာလာသည်။ အဆိုပါ လေယာဉ်ပေါ်တွင် ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် ပတ်စ်ပို့အတု ကိုင်ဆောင်သူ ဗြိတိန်နိုင်ငံသားနှစ်ဦး လိုက်ပါသွားကြောင်း တာဝန်ရှိသူများက နောက်ပိုင်းတွင် ဖော်ထုတ် တွေ့ရှိခဲ့သည်။

7day daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top