Property Expo
×

 နယူးယောက် ဗုံးခွဲမှု သံသယ တရားခံကို ဆေးဝါးကုသမှုနှင့် ဥပဒေရေးရာ အထောက်အပံ့များ ပေးအပ်ခြင်းကို ဒေါ်နယ်လ်ထရမ့်က မေးခွန်းထုတ် ဝေဖန်လိုက်သည်။

အာဖဂန်နွယ်ဖွား အသက် ၂၈ နှစ်အရွယ် အာမက်ခန်း ရာဟာမီသည် လူသတ်ရန် ကြံစည်မှု အပါအဝင် စွဲချက် ၅ ခုဖြင့် တရားစွဲဆို ခံထားရသည်။ ၎င်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ မက်ဟမ်တန် ရပ်ကွက်တွင်
ဖြစ်ပွားသော ဗုံးကွဲမှု၏ အဓိက လက်သည်အဖြစ် စွပ်စွဲခံထားရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန် ပါတီ၏ သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည့် ဘီလီယံနာ သူဌေးကြီး ထရမ့်က ဒဏ်ရာများဖြင့် ဖမ်းမိသည့် အကြမ်းဖက်သမား တစ်ဦးကို အထူးတလည် ပြုစု ကုသပေး
နေရခြင်းမှာ မဖြစ်သင့်ဟု ဆိုသည်။ “အခုဆို ကျုပ်တို့က သူ့ကို အံ့မခန်း ပြုစုစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်။ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အတော်ဆုံး ဆရာဝန်တွေက သူ့ကို ကုသပေးတော့မယ်လေ။ တကယ့်ကို
ခေတ်မီဆန်းသစ်တဲ့ ဆေးရုံ အခန်းထဲမှာလည်း နေခွင့်ရဦးမယ်။ ကျွန်တော်တို့ နိုင်ငံအကြောင်း သိတယ်မဟုတ်လား။ သူ့ကို ပုံမှန် အခန်းသန့်ရှင်းရေး ဝန်ဆောင်မှုလည်း လုပ်ပေးကြဦးမှာ”ဟု ထရမ့်က ပြောကြားခဲ့သည်။ ရာဟာမီကို အလွန်သက်ညှာစွာ ဆက်ဆံနေခြင်းသည် အမေရိကန်အတွက် အလွန်ဝမ်းနည်းစရာ အခြေအနေ တစ်ခုဟုလည်း ထရမ့်က ဝေဖန်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က မက်ဟမ်တန်တွင် ဖြစ်ပွားသော ဗုံးကွဲမှု၌ လူ ၂၉ ဦး ဒဏ်ရာများ ရရှိခဲ့သည်။ ရဲတပ်ဖွဲ့သည် မပေါက်ကွဲသေးသည့် အခြားသော ဗုံးတစ်လုံးကိုလည်း မနီးမဝေးတွင် ရှာတွေ့ခဲ့ပြီးနောက် ထိန်းချုပ် ဖောက်ခွဲပစ်ခဲ့ရသည်။ အဆိုပါ ဗုံးများကို ထမင်းပေါင်းအိုးနှင့် သတ္တုအစအနများ အဓိက အသုံးပြု တည်ဆောက်ထားခြင်း ဖြစ်သည်။

အစောပိုင်းက မက်ဟမ်တန် ဗုံးခွဲမှုနှင့် ပတ်သက်ပြီး သံသယ တရားခံကို မကြေညာခဲ့သော်လည်း စက်တင်ဘာ ၁၉ ရက်က ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှု တစ်ခုအပြီး၌ ရာဟာမီကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။ ထရမ့်သည် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ ပြင်းထန်စွာ တုံ့ပြန်လိုသည့် သဘောထား ရှိပြီး မဲဆွယ်စည်းရုံးမှု လုပ်ငန်းစဉ်များ၌ ၎င်းသာ သမ္မတ ဖြစ်လာပါက အမေရိကန်သို့ မွတ်ဆလင်များ ဝင်ရောက်ခွင့်ကို ပိတ်ပင်လိုကြောင်း အငြင်းပွားဖွယ် မှတ်ချက်စကားမျိုး ပြောဆိုခဲ့ပြီး လူသိများခဲ့သည်။

ရွေးကောက်ပွဲတွင် ထရမ့်၏ အဓိက ပြိုင်ဘက် ဖြစ်လာမည့် ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ကမူ ထရမ့်၏ သဘောထားများသည် အကြမ်းဖက် အဖွဲ့အစည်းများကို အထောက်အပံ့ကောင်း ဖြစ်စေ
လိမ့်မည်ဟု စွပ်စွဲခဲ့သည်။ “မစ္စတာထရမ့် ပြောဆိုသုံးနှုန်းနေတဲ့ စကားလုံးတိုင်းဟာ ကျွန်မတို့ရဲ့ ရန်သူတွေအတွက် အထောက်အပံ့ကောင်းတွေ ဖြစ်အောင်၊ အဆင်ပြေအောင် ကူညီနေသလိုပါပဲ”ဟု ကလင်တန်က ဆိုသည်။

ထို့အပြင် ကလင်တန်က သူမသည်သာ စစ်မြေပြင်တွင် မဟုတ်သည့် အကြမ်းဖက်မှုများကို တွန်းလှန်ရန် ခက်ခဲသော ဆုံးဖြတ်ချက်များကို အမှန်ကန်ဆုံး ချမှတ်နိုင်သည့် အတွေ့အကြုံမျိုး ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top