သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့် တာဝန်မှ ရပ်စဲခံခဲ့ရမှုနှင့် ပတ်သက်၍ လူအင်အား (၁၀၀၀) ခန့်ဖြင့် ဆန္ဒ ထုတ်ဖော် တောင်းဆို သွားမည်ဟု လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် မှ ဦးထွန်းထွန်းဦးက The Messenger Media သို့ ပြောသည်။ အဆိုပါ ဆန္ဒထုတ်ဖော်ပွဲအား ဇူလိုင်လ (၁) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ဟစ်တိုင်တွင် ပြုလုပ် သွားမည် ဖြစ်သည်။ ပြည်ထောင်စု ၀န်ကြီး ဦးဆန်းဆင့်ပြစ်မှုမှ ကင်းလွတ် ခွင့်ပြုရေး လူ့ အခွင့်အရေး၊ အပိုဒ် (၇) အရ ဥပဒေ ရှေ့မှောက်တွင် ခွဲခြားမှု မခံရရေး၊ ပြစ်မှု ကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်း မခံရဘဲ အချုပ်အနှောင်မှ ကင်းလွတ်ရေး၊ အမှန်တကယ် လာဘ်ပေးလာဘ်ယူ ကျူးလွန်သူ များအား အရေးယူခွင့် ရရှိရေး၊ ဦးဆန်းဆင့် အမှန်တကယ် ပြစ်မှု ကျူးလွန်သည် ဆိုပါက ပွင့်လင်း မြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန် ကြေညာပေးရေး စသည့် ပိုစတာ ဗီနိုင်းငယ် များကို ကိုင်ဆောင်ကာ တောင်းဆို ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း ဦးထွန်းထွန်းဦး က ပြောသည်။

 ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဇွန်လ (၂၇) ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခွင့်ကို တောင်းခံထားပြီး၊ ဇူလိုင်လ (၁) ရက်နေ့ နံနက် (၁၀) နာရီခန့် ပုသိမ်ပြည်သူ့ ဟစ်တိုင်တွင် စုဝေး ဟောပြောကာ ပုသိမ်မြို့တော်ခန်းမအထိ ချီတက်လမ်းလျှောက် ဆန္ဒထုတ်ဖော် သွားမည် ဖြစ်ကြောင်း သိရ သည်။ ဦးဆန်းဆင့်အား ဇွန်လ (၁၉) ရက်နေ့က ယုံကြည် အပ်နှံရေး ဖောက်ဖျက်မှု ပုဒ်မ ၄၀၉/၁၀၉ ဖြင့် ဥတ္တရသီရိမြို့၊ ဘုရားကုန်း မြို့မ ရဲစခန်းတွင် အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဌေးလွင်က တရားလိုပြု တရားဆွဲဆိုခဲ့ခြင်း ဖြစ်ပြီး၊ ယခုအခါ ရမည်းသင်း အကျဉ်းထောင် တွင် ဖမ်းဆီး ချုပ်နှောင် ထားကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

နိုင်ငံတော် သမ္မတ၏ ညွှန်ကြားချက် အမိန့်များကို မလိုက်နာခြင်း၊ အချို့ ကိစ္စရပ်များတွင် သမ္မတအား ကျော်လွန်လုပ်ဆောင်ခဲ့ မှုများ ရှိခဲ့ခြင်းကြောင့် ယခုလို အရေးယူရခြင်း ဖြစ်ကြောင်း သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က မီဒိယာများသို့ ပြောဆိုထားသည်။ ဦးဆန်းဆင့်သည် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထမ်းဆောင်ခဲ့စဉ် အတွင်း လွှတ်တော် ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့် အခွင့်အရေး အများ ကို ဟန့်တားနှောင့်ယှက်ခဲ့သည် ဟုဆိုကာ ဧရာဝတီတိုင်းဒေသကြီး အစိုးအရ အဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်အား တိုင်းလွှတ်တော်တွင် စွပ်စွဲပြစ်တင်ခဲ့ ပြီး၊ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး အားလည်း တရားဆွဲ ဆိုရန်ကြိုးပမ်းခဲ့ဖူးသူတစ်ဦးလည်း ဖြစ်သည်။

ထိုသို့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူ ထမ်းဆောင်ခဲ့ပြီး၊ သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စဉ် ကလည်း အစိုးရတာဝန်ရှိ ပုဂ်္ဂိုလ်များ၏ အကျင့်ပျက်ခြစားမှုများ မိမိတွင် သက်သေ အထောက်အထား များစွာ ရှိကြောင်းကိုလည်း မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။ ဦးဆန်းဆင့် တာဝန်မှ ရပ်စဲခံရခြင်းနှင့် ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်း ပါတီစုံမှလည်း ပွင့်လင်း မြင်သာ ဆောင်ရွက်မှု မရှိကြောင်း  ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Messenger
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top