×










ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ဒိုင်လူကြီး၏ ငြင်းပယ်မှုကို ခံခဲ့ရသည့် မိမိ၏ သွင်းဂိုးကို ထာဝရ အမှတ်ရနေလိမ့်မည်ဟု ဘော့စ်နီးယား ဟာဇီဂိုးဗီးနား တိုက်စစ်မှူး အီဒင်ဂျက်ကိုက ပြောကြားခဲ့သည်။

 ဘော့စ်နီးယား အသင်းသည် ကမ္ဘာ့ဖလားတွင် ပွဲဦးထွက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးထွက်အဆင့်သို့ တက်ရောက်ရန် အထူးတလည် မျှော်လင့်ခဲ့သော်လည်း နိုက်ဂျီးရီးယားနှင့် ရင်ဆိုင်ရာတွင် ဒိုင်၏ စိတ်ပျက်ဖွယ် အမှားတစ်ရပ်ကြောင့် အားထုတ်မှုများ ရေစုန်မျောခဲ့ရသည်။ ဂျက်ကိုသည် နိုက်ဂျီးရီးယားဘက်သို့ စည်းကမ်းဘောင် အတွင်းမှ လွတ်လွတ်ကျွတ်ကျွတ် ဂိုးသွင်း ခဲ့သော်လည်း လူကျွံနေသည်ဟုဆိုကာ ပယ်ဖျက်ခံခဲ့ရသည်။ သို့သော်လည်း အနှေးပြန်လည် ပြသမှုများအရ ဂျက်ကို၏ဂိုးမှာ မည်သည့်အမှားမျှ မရှိသည်ကို တွေ့ခဲ့ရသည်။

 ထိုပွဲတွင် ဦးဆောင်ဂိုးရမည့် အခွင့်အလမ်းကို လက်လွတ်ခဲ့ရသည့်နောက် ဘော့စ်နီးယားသည် နိုက်ဂျီးရီးယားကို (၁-၀)ဖြင့် အရေးနိမ့်ပြီး အုပ်စုအဆင့်မှ ထွက်ခွာရန် သေချာသွားစေခဲ့သည်။ အုပ်စုနောက်ဆုံး ပွဲစဉ်တွင် ဘော့စ်နီးယားက အီရန်ကို (၃-၁)ဖြင့် အနိုင် ရခဲ့သော်လည်း ဆေးမမီတော့ချေ။ မန်ချက်စတာ စီးတီးအသင်း၏ တိုက်စစ်မှူး ဂျက်ကိုက “ကျွန်တော်တို့ အီရန်ကို နိုင်ခဲ့ပေမယ့် အိမ်ပြန်ခဲ့ရတယ်။ နောက်တစ်ဆင့် မတက်နိုင်ခဲ့တာ ဝမ်းနည်းစရာပါပဲ” ဟု ဆိုသည်။ ၎င်းက “နိုက်ဂျီးရီးယားနဲ့ ပွဲတုန်းက ကျွန်တော်သွင်းတဲ့ဂိုး ဘာအမှားမှ မရှိဘဲ ငြင်းပယ်ခံရတယ်။ ကျွန်တော့်ဘဝ တစ်သက်တာလုံး ဒါကို အမှတ် ရနေတော့မှာပါ”ဟုလည်း ဖွင့်ဟခဲ့သည်။

 ဂျက်ကိုသည် အီရန်နှင့်ပွဲတွင်မူ ဂိုးသွင်းယူနိုင်ခဲ့သည်။ ၎င်းက “ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်တော့ ပျော်ပါတယ်။ ဒါပေမဲ့ မျှော်လင့်တဲ့ အခြေအနေကို မရောက်ခဲ့တဲ့ အတွက်တော့ ဝမ်းနည်းမိတယ်။ ဒီအုပ်စုမှာ ကျွန်တော်တို့ ဒီထက်နည်းနည်း ပိုကံကောင်းခဲ့သင့်ပါတယ်။ အကောင်းဆုံး ပေးဆပ်ပြီး ပြိုင်ပွဲဝင်ခဲ့တာကတော့ အသင်းအတွက် အတွေ့အကြုံကောင်းတွေ ရရှိလာစေခဲ့တယ်။ ခုချိန်မှာတော့ အနာဂတ်ကိုပဲ ရှေ့ရှုရပါတော့မယ်”ဟုလည်း ပြောကြားသွားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Soccer Myanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top